Chapter - 50

16K 1.1K 213
                                    

ခေါင်ရိပ်ဟာ သူ့အပြုအမူတို့က တစ်ဖက်လူများအဖို့ အတော်လေးကိုရိုင်းနေမှန်း သိပါသော်ငြား လက်ရှိစိတ်အခြေအနေအရ သူ၏ ယဉ်ကျေးရည်မွန်သော စံပြအယ်လ်ဖာပုံစံကို မထိန်းနိုင်ပါတော့ချေ။

ယခု သူတို့ရောက်နေကြရာ Cafe သည် အထပ်နှစ်ထပ်ရှိပြီး အောက်ထပ်က အတော်လေးကျယ်ဝင်းကာ အနက်ရောင် လေးထောင့်စားပွဲများနှင့် ကုလားထိုင်တို့အား အသုံးပြုထားသည်။ မျက်နှာကြက်၏အလယ်၌ ရွှေရောင်မီးဆိုင်းကြီးတစ်ခုရှိပြီး အခြားသောမီးဆိုင်းငယ်လေးများကလည်း ရွှေရောင်များပင်ဖြစ်ကြကာ ၎င်းတို့က စားပွဲခုံတို့အထက် မျက်နှာကြက်များဆီမှ လှပစွာ ကျဆင်းနေကြလေ၏။

အဆိုပါ Cafe ၏ အတွင်းပိုင်းအပြင်အဆင်များဟာ အတော်လေးကို အနုပညာဆန်လှသည်။ ထို့ကြောင့် စုံတွဲများ အများဆုံးလာကြပြီး Coffee Date ကာ ဓာတ်ပုံရိုက်တတ်ကြသော နေရာတစ်ခုအဖြစ်လည်း နာမည်ကြီးသော ဆိုင်တစ်ဆိုင်ဖြစ်၏။

ခေါင်ရိပ်၏မျက်နှာက သူ့ရှေ့ရှိစားပွဲထက်မှ အကြွင်းအကျန်အနည်းငယ်သာ ကျန်နေတော့သော အစားအသောက်ပန်းကန်များကိုကြည့်ရင်း ပိုပိုပြီး အမူအရာတို့ဆိုးလာလေသည်။

စားပြီးသားပန်းကန်များကို ကြည့်ရုံနှင့်တင် တစ်ဖက်လူနှစ်ယောက်က နေ့လယ်စာအတူစားထားကြပြီးနောက် ကော်ဖီဆက်သောက်ရင်း စကားပြောနေကြခြင်းဖြစ်ကြောင်း နလပိန်းတုံးမဟုတ်သူတိုင်း သိနိုင်ပါ၏။

"ကျွန်တော် မေးနေတယ်လေ၊ ဒေါက်တာ အခုထိ အဖြေရှာမရသေးဘူးလား"

ခေါင်ရိပ်၏လေသံဟာ သူ့အား ဘာမှပြန်မပြောဘဲ ကြောင်ကြည့်နေသူကြောင့် ပို၍တင်းမာလာလေသည်။ အလားတူပင် သူ၏ အမြဲတစေသဘောကောင်းဟန်ရှိသော အပြုံးမျက်နှာကလည်း သိသိသာသာကို ဒေါသသွေးတို့နှင့် ရဲတက်လာပြီး အနက်ရောင် လေးထောင့်ကိုင်းမျက်မှန်အောက်မှ မျက်ဝန်းတို့ဟာတော့ စူးရှခက်ထန်လာကြလေ၏။

"ကိုယ့်ဂျူတီက ပြင်ပက VVIP လူနာကို သွားကြည့်ရမှာမလို့ပါ၊ ဒီဆိုင်ကနေ သွားမယ်ဆိုရင် ၁၅ မိနစ်လောက်ပဲကြာမှာ၊ ဘာလို့ဒေါသထွက်နေတာလဲ၊ ကိုယ် မင်းကို လိမ်တယ်ထင်နေလို့လား"

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now