Chapter - 18

17.4K 1.3K 413
                                    

နေ့လယ်ခင်းတွင်တော့ သျှန်ယုတစ်ယောက် အတော်လေးနေထိုင်မကောင်းတော့သည်မို့ စံအိမ်သို့ပြန်လာခဲ့တော့ပြီး သူရောက်သွားပြီးနောက် ကာလတိုအတွင်းမှာပင် ရန်ပွဲတစ်ပွဲနှင့် တွေ့ဆုံရပါတော့သည်။

တော်ဝင်စံအိမ်၌ မည်သည့်အချစ်ငှက်စုံတွဲတို့ ရန်ဖြစ်ကြပါစေ တတိယသခင်လေး၏စံအိမ်တော်၌သာ အဆုံးသတ်လေ့ရှိသည့်ထုံးစံအတိုင်း သည်တစ်ခေါက်ဖြစ်သော ရန်ပွဲဟာလည်း သျှန်ယုပြန်လာချိန်အား တမင်စောင့်ပြီးဖြစ်သလားတောင် မှတ်ရပါ၏။

အချိန်သည်ကား ညနေပိုင်းအချိန်ဖြစ်ပြီး သျှန်ယုဟာ အိပ်ခန်းထဲ၌ ဆန်ပြုတ်သောက်နေခဲ့ခြင်း ဖြစ်သည်။ ဆေးတစ်လုံးထိုးပြီးသွားပြီမို့ အတော်လေးသက်သာလာပါသော်ငြား ခန္ဓာကိုယ်က အားနည်းနေဆဲမို့ အိပ်ရာထဲတွင်သာ ခွေနေချင်သောအချိန်လည်း ဖြစ်၏။

ထိုစဉ်၌ အမြွှာအစ်မဖြစ်သူ သျှန်တီကလည်း အိပ်ခန်းထဲ၌ ရှိနေခဲ့ပြီး သူ(မ)ဟာ မောင်ဖြစ်သူ ဆေးသောက်ဖို့ရန်အတွက် ဆန်ပြုတ်ကုန်အောင်သောက်ပြီးချိန်အထိ စောင့်ကြည့်နေခြင်း ဖြစ်သည်။

လွန်စွာချစ်ဖို့ကောင်းလွန်းသော အရောင်နုနုပစ္စည်းလေးများဖြင့် ပြည့်နှက်နေသည့် အိပ်ခန်းကျယ်အတွင်း အခန်းပိုင်ရှင်၏ နွေဦးရနံ့ခပ်ဖျော့ဖျော့လေးက နူးညံ့စွာပျံ့လွင့်နေလျက်ရှိ၏။ သို့ဖြစ်ရာ သျှန်ယု၏အိပ်ခန်းသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် နူးညံ့နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့အား ပေးစွမ်းနိုင်သော နေရာတစ်ခု ဖြစ်ပေသည်။

"ဆက်စားဦးလေ၊ တစ်ပန်းကန်လုံးကုန်မှ ဆေးသောက်လို့ရမှာ၊ နင် အချိန်ဆွဲနေလည်း ငါကတော့ လျှော့ပေးမှာမဟုတ်ဘူး"

သျှန်ယုက ဆန်ပြုတ်ကို သောက်ချင်သလို၊ မသောက်ချင်သလို လုပ်နေသည်မို့ သျှန်တီက ပြောလိုက်ခြင်း။

ယခုအချိန်၌ သျှန်ယုဟာ အိပ်ရာထက်၌ပင် စားပွဲတင်လျက် ဆန်ပြုတ်သောက်နေခြင်း ဖြစ်၏။ နေကောင်းချိန်၌ရော၊ နေမကောင်းချိန်၌ပါ ဆန်ပြုတ်ကို မကြိုက်တတ်သူမို့ သျှန်ယု၏မျက်နှာလေးဟာ အတော်လေးကို စိတ်ညစ်သည့်အလားဖြစ်နေလျက် သူက စံအိမ်သို့ ပြန်လာမိသည်ကိုတောင် နောင်တရမိလာတော့သည်အထိပါပင်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now