Chapter - 4

26.3K 1.7K 675
                                    

မဟာလေးဟာ လူကြီးများနောက်မှ ထွက်လာပြီးသည်နှင့် သူ့ဦးရီးတော်အငယ်နားသို့ အပြေးရောက်သွားလေသည်။ အနက်ရောင် တီရှပ်လေးထက် အဖြူရောင်ဂျင်းကုတ်ခပ်ပွပွကို ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီရှည်ကလည်း အဖြူရောင်နှင့်မို့ တော်ဝင်စံအိမ်၏ ဆက်ခံသူလောင်းလျာလေးဟာ ဖခမည်းတော်နှစ်ယောက်နှင့် ညီအစ်ကိုတွေအလား ဖြစ်နေတော့​၏။

၈နှစ်သားလေးက အသက် ၈နှစ်ပြည့်ပြီးချိန်မှစ၍ တရိပ်ရိပ်နှင့် အရပ်ရှည်ထွက်လာကာ ထွားလာတော့သည်မှာ သူနှင့် သက်တူရွယ်တူကလေးများထက်ပင် တစ်ထွာလောက် ပိုရှည်နေတော့သည်အထိ။

ထို့ကြောင့် သျှန်ယုသည်လည်း သူ၏အသည်းကျော်လေးအား မချီနိုင်ပါတော့ချေ။

တူဝရီးနှစ်ယောက်သား မတွေ့ရတာ နှစ်ချီနေကြသူများကဲ့သို့ ပြေးဖက်ပြီးနောက်တွင်တော့ မဟာလေးဟာ သူ့ဦးငယ်၏ ညာဘက်ပါးပြင်ထက်မှ သွားကိုက်ရာအား တွေ့သွားတော့သည်မို့ မျက်ခုံးတန်းလေးများက သိသိသာသာ တွန့်ချိုးသွားကြပါတော့၏။

“ဦးငယ်ပါးက ဘာဖြစ်တာလဲ၊ သွားရာကြီးဆိုတော့ အန်ကယ်လေးက ဦးငယ်ကို ကိုက်ထားတာလား”

ဆွေမျိုးတော်စပ်သွားကြပြီမို့ မဟာလေးက ဂျိုးဇက်နှင့်ပတ်သက်၍ အခေါ်အဝေါ် ပြောင်းသုံးရတော့ပြီပင်။ ကနဦးက တော်ဝင်စံအိမ်မှ ကလေးများဟာ ဂျိုးဇက်ကို သူတို့ဦးငယ်၏ ကြင်ယာတော်ဖြစ်သည်မို့ ဦးရီးတော်ဟူ၍သာ သုံးနှုန်းခေါ်ဆိုခဲ့ကြပါသော်ငြား ဂျိုးဇက်က နေသားမကျသောကြောင့် သူ၏တူနှင့်တူမတို့ သူ့အားခေါ်လေ့ရှိကြသော ‘အန်ကယ်လေး’ ဟူ၍သာ ခေါ်ဝေါ်စေခဲ့သည်။

ထို့ကြောင့် ယခု မဟာလေးက ထိုကဲ့သို့ ခေါ်လိုက်ခြင်း ဖြစ်ပါ၏။

မဟာလေး၏စကားအဆုံး လူကြီးများအားလုံး၏ အသံများ ပြန်ထွက်မလာခင်မှာပင် နောက်ထပ် ကလေးအရွယ် မိန်းကလေးသံနှင့် ယောက်ျားလေးသံတို့က ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်လာပါတော့သည်။

“တကယ် အန်ကယ်လေးလုပ်တာ သေချာတယ် ကိုကိုမဟာ၊ မယုံရင် အန်ကယ်လေးရဲ့ နားရွက်ဖျားတွေကိုပဲကြည့်၊ အန်ကယ်လေးက တစ်ခုခု ထူးထူးခြားခြားလုပ်ထားပြီဆိုရင် အဲ့လိုပဲ နားရွက်ဖျားတွေ နီလာနေကျ၊ နော် နေဗယ် နော်”

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now