Chapter - 16

17.2K 1.1K 341
                                    

ဂျိုးဇက်ဟာ သျှန်ယုအား စိတ်မရှည်စွာဖြင့် ပြောလိုက်ပြီးသည်နှင့် ထမင်းစားခန်းထဲသို့ ချက်ချင်း လှည့်ထွက်လာလိုက်သည်။ မဟုတ်ပါက သူစိတ်တိုရလွန်း၍ ထိုတစ်ယောက်ကို ကိုင်ဆောင့်ပစ်မိလောက်ပါ၏။

ထမင်းစားခန်းထဲတွင်တော့ ခေါက်ဆွဲကြော်တူးနံ့တို့နှင့် ပြည့်နှက်နေလျက်ရှိပြီး ဂျိုးဇက်က ထိုရနံ့တို့ကြောင့် အတော်လေး စိတ်ပျက်သွားရပါသလို ထိုခေါက်ဆွဲကြော်တူးတူးကိုမှ အငမ်းမရ စားချင်နေသူအားလည်း မည်သည့်စကားကိုပင် ဆိုရမည်မှန်း မသိပါချေတော့။

ဂျိုးဇက်ဟာ ယခုအချိန်၌ ဈေးသင့်သော အနက်ရောင်တီရှပ်နှင့် ဘောင်းဘီရှည်ခပ်ပွပွတို့ကိုသာ ဝတ်ဆင်ထားပါသော်ငြား သူ၏ မျက်နှာ၊ အသားအရည်နှင့် ပုံစံကျနသော ခန္ဓာကိုယ်အရွယ်အစားတို့ကတော့ သူသုံးစွဲနေသမျှ အရာအားလုံးအား တန်ဖိုးတက်သွားစေသည့်အလားပါပင်။ ထို့ကြောင့် လက်ရှိသူ့ပုံစံဟာ မည်သည့်ရှုထောင့်မှပင် ကြည့်ပါစေ၊ အခြေခံလူတန်းစားများနှင့် လုံးဝကိုရောထွေးမသွားစေနိုင်သော ပုံစံမျိုးပင် ဖြစ်နေပါ၏။

သူ၏မျက်နှာအမူအရာဟာ တောက်လျှောက်တည်တင်းနေလျက်ရှိပြီး သူက ဒယ်အိုးထဲမှ တူးနံ့ထွက်နေသော ခေါက်ဆွဲကြော်တို့ကိုလည်း မကျေနပ်ပါသလို သူပထမဆုံးလာနေသည့်ရက်မှာမှ ပျက်သွားသည့် မီးခလုတ်အားလည်း မကျေနပ်ပါချေ။ မကျေနပ်ဆုံးကတော့ ယခုအချိန်၌ ဧည့်ခန်းထဲတွင် ရှိနေသူကိုဖြစ်ပြီး အကယ်၍သာ ထိုတစ်ယောက်မလာပါက မီးခလုတ်ပင် ပျက်နေစေဦးတော့ သူ့ခေါက်ဆွဲကြော်က တူးမသွားနိုင်ပါ။

သို့ဖြစ်ရာ တစ်ခါတလေမှ ကိုယ်တိုင်ချက်ပြုတ်စားချင်စိတ်ပေါက်တုန်း ထလုပ်ချိန်၌ အပျက်ပျက် အယွင်းယွင်း ဖြစ်သွားခဲ့သောကြောင့် သူ၏စိတ်အစဉ်ဟာ အတော်လေးကို မကြည်လင်ချေတော့။

သို့ပေသည့် မည်သို့ပင်ဆိုစေကာမူ သူဟာ ညစာအဖြစ် သည်ခေါက်ဆွဲကြော်ကိုတော့ မစားမဖြစ် စားလိုက်ဖို့ရန် ဆုံးဖြတ်ထားပါသည်။ အကြောင်းမှာ သူက နောက်ထပ်ညစာကိုလည်း ထပ်မပြင်ဆင်ချင်ပါတော့သလို အပြင်သို့လည်း ထွက်မဝယ်ချင်တော့။ ထို့ပြင် သူဟာ အချိန်တစ်ခု၌ တစ်စုံတစ်ခုကို စားမည်ဟူ၍ စိတ်ဆုံးဖြတ်ထားပြီးပါက ထိုအချိန်တွင် သူတွေးထားခဲ့သော အရာကိုသာ စားချင်စိတ်ရှိပြီး နောက်တစ်ခုကို ထပ်မရွေးချယ်ချင်ပါ။

'The Moon Pulls The Tide' (Season 2 of IBYLM)Wo Geschichten leben. Entdecke jetzt