Chapter - 39

15.5K 1K 199
                                    

နိုဝင်ဘာ ၂၆ ရက်နေ့၏ နံနက်ခင်း၊ ဂျိုးဇက်၏ တိုက်ခန်း၌ ဖြစ်သည်။

"မောင် ပဲပေါင်းတွေ များများထည့်နော်၊ အဲ့ဒါမှ ပိုပြီးစိမ့်မှာ"

"အင်း၊ ခင်ဗျားက ဓားယူပြီး ဘာလုပ်မလို့လဲ၊ ပြန်ချထားလိုက်၊ တစ်ခုခုလုပ်နေချင်ရင် ဘေစင်မှာ ဆေးစရာတွေရှိတယ်"

"ရှိလည်း မဆေးချင်ပါဘူး၊ ကိုယ် ပန်းကန်ဆေးရတာ မကြိုက်တာကို မောင်သိသားနဲ့၊ အခု ကြက်သွန်နဲ့အသီးအရွက်တွေ လှီးမလို့၊ ပြီးရင် ကြက်ဥကြော်မယ်၊ မောင်တားလည်း လုပ်မှာပဲ"

ယခုအချိန်၌ သူတို့ဟာ မနက်စာပြင်နေကြခြင်းဖြစ်ပြီး မနေ့ညကတည်းက သည်တိုက်ခန်းတွင် အတူရှိနေခဲ့ကြခြင်း ဖြစ်၏။

အစားအသောက်တို့ကို ပြင်ဆင်နေကြသည်မို့ နှစ်ယောက်စလုံးက အေပရွန်ကိုယ်စီနှင့်ဖြစ်ကြလျက် ဆံပင်ရှည်တို့ကို ခပ်ပြေပြေစုစည်းထားပြီး ချစ်သူ၏ ရှပ်အင်္ကျီလက်ရှည်အဖြူကို ယူဝတ်ထားသော သျှန်ယု၏ပုံစံသည်ကား အတော်လေးကို ဖိုးရိုးဖားယားနှင့် ချစ်စရာကောင်းလှလေသည်။

ဂျိုးဇက်တစ်ယောက် ဓားကိုယူပြီး ထမင်းစားပွဲသို့ သွားထိုင်သော ချစ်သူအား ထမင်းကြော်နေရင်းမှ လှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။

"ပန်းကန်မဆေးချင်ရင် မဆေးနဲ့၊ ဓားတော့ မကိုင်ရဘူး"

"ကိုင်မှာပဲ၊ ကြက်ဥကို ကြက်သွန်ရယ်၊ အသီးအရွက်တွေရယ်နဲ့ မွှေပြီးကြော်မလို့ပါဆို၊ ဓားမကိုင်ဘဲ ဘယ်လိုလုပ် လှီးလို့ရမှာလဲ"

"ဒါဆိုလည်း မောင်လှီးပေးမယ်၊ လာ ထမင်းကြော်အိုးကို ခဏလာကြည့်ပေး၊ အိုးမကပ်အောင် မွှေပေးတာပဲ လုပ်ရမှာ"

"အာ၊ မောင့်ဘာသာပဲ ဆက်ကြော်စမ်းပါ၊ ဒါလေးတွေ လှီးတာက ဘာခက်တာကျလို့"

"သျှန်ယုမဟာနွယ်"

"ဘာလဲ ဂျိုးဇက်သီဟဦး၊ စောစောစီးစီး ရန်ဖြစ်ချင်နေတာလား"

တောက်လျှောက် စကားကောင်းကောင်းပြောနေစဉ်က ဓားကိုင်ပြီး လုပ်ချင်တာ ဆက်လုပ်ဖို့ပဲ ပြင်နေခဲ့သူဟာ ယခုတွင်တော့ လုပ်နေသမျှ ရပ်သွားပြီး သူ့ဘက်သို့ မျက်စောင်းလေးနှင့်အတူ လှည့်ကြည့်လာသည်မို့ ဂျိုးဇက်၏မျက်ဝန်းတို့ထဲ ရယ်မြူးရိပ်သန်းသွားကြ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now