Chapter - 43

15.5K 1.1K 292
                                    

နောက်တစ်နေ့နံနက်၌ သျှန်ယုက အရင်နိုးလာ၏။ နိုးလာလာချင်း နွေးထွေးလုံခြုံသော ပွေ့ဖက်မှုနှင့်အတူ သူ့တစ်ကိုယ်လုံးကို မသိမသာလေး လွှမ်းခြုံထားကြသည့် ပင်လယ်ရနံ့တို့အား ခံစားလိုက်ရသည်မို့ လှပသောမျက်နှာလေးက ပြုံးရွှင်သွားလေသည်။

သျှန်ယုတစ်ယောက် ပင်ပန်းထားသောချစ်သူ နိုးသွားမည်စိုး၍ အရမ်းမလှုပ်ရဲပါချေ။ သို့ပေသည့် လွမ်းဆွတ်နေခဲ့ရသော မျက်နှာချောချောအားလည်း ငေးကြည့်ချင်သောကြောင့် တစ်ဘဝလုံးစာ စိတ်ရှည်ခြင်းများကို အသုံးချ၍ ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်၏။

တော်သေးသည်က ချစ်သူဟာ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခြင်းမဟုတ်ဘဲ သက်တောင့်သက်သာ အနေအထားလေးနှင့်သာ ဖက်ထားခြင်း။ ထို့ကြောင့် တတိယသခင်လေးတစ်ယောက် ပို၍ လှုပ်ရ၊ ရှားရလွယ်ကူပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ချစ်သူ၏မျက်နှာအား ငေးကြည့်လို့ရသည့် အနေအထားမျိုး ဖြစ်သွားတော့သည်။

'နမ်းချင်လိုက်တာ။'

စီးကရက်သောက်တတ်ပါသည့်တိုင် နီစွေးသော နှုတ်ခမ်းတို့က အနည်းငယ်တောင် အရောင်မပြောင်းလဲဘဲ ကြည့်လို့ကောင်းနေဆဲ ဖြစ်၏။ သို့ဖြစ်၍ မရိုးမသားစိတ်တို့ အပြည့်အဝရှိသော အရွယ်ရောက်ပြီးသား တတိယသခင်လေးအနေနှင့် လူကြီးအတွေးပေါင်းစုံတို့ကို တွေးလိုက်မိပြီး ဖြစ်သွားသည်။

ထို့နောက် မျက်နှာလှလှလေးက ပို၍ပြုံးစိစိဖြစ်သွားတော့ပြီး အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်လိုက်ပုံက ချစ်သူအပေါ် အသားယူချင်စိတ်တို့အား လွန်စွာထိန်းချုပ်နေရပါသည့်နှယ်။

ဂျိုးဇက်ဟာ ယခုအချိန်တွင်တော့ ညကကဲ့သို့ မုတ်ဆိတ်မွှေးနှင့် ပါးသိုင်းမွှေးများ မရှိပါတော့ချေ။ ယင်းတို့အားလုံးကို ညအိပ်ရာဝင်ခါနီး ရေချိုးချိန်၌ သျှန်ယုက ကိုယ်တိုင်ရိတ်ပေးခဲ့ခြင်းမို့ ထိုအမွှေးများရှိခဲ့ရာ နေရာတို့ဟာ မသိမသာ ခပ်စိမ်းစိမ်းလေး ကျန်နေခဲ့ပါ၏။

စင်စစ် လက်ရှိအိပ်ခန်းအတွင်း ဝါကျင့်ကျင့်မီးရောင်အောက် သျှန်ယုဟာ မည်သည့်အရောင်တို့ကိုမှ သေချာမမြင်ရပါသည့်တိုင် နှလုံးသားထဲ ချစ်သူ၏မျက်နှာကို သေချာအလွတ်ရနေသည်မို့ မည်သည့်နေရာက နီသည်၊ မည်သည့်နေရာကတော့ စိမ်းသည် စသည်ဖြင့် အလိုအလျောက်ခွဲခြားနေနိုင်ခြင်း ဖြစ်သည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now