Unicode
အခန်း ၁၄၁ - နီယွင်ဖန်း မီးလောင်နေပြီ
“ဒီနေ့ သခင်မကြီး ပိုးထည်ဝယ်ပြီး အပြန်မှာ ကလေးတစ်ယောက်က ရုတ်တရက်ကြီး ရထားလုံးရှေ့ကို ပြေးဝင်လာတာ။ ပြီးတော့ မြင်းဘက်ကို မီးရှူးမီးပန်းတစ်ခု ပစ်သွားသေးတယ်"
“ကလေးတစ်ယောက်?”
“ဟုတ်ပါတယ်။ ဒီအစေခံ သွားမေးကြည့်တော့ အဲ့ကလေးက သာမန်လယ်သမားမိသားစုကပါပဲ။ ကလေးရဲ့ မိဘတွေက ပြေးလာပြီး သူတို့အမှားကို တောင်းပန်ကြလို့ သခင်မကြီးက သိပ်အရေးမလုပ်တော့တာ”
မုယွမ်ယောင် နဖူးကြောတွေ တွန့်သွားသည်။ အဲ့ကလေးက ရထားလုံးရှေ့ကို ရုတ်တရက်ကြီး ပြေးဝင်လာတာ ထားလိုက်ဦး။ မီးရှူးမီးပန်း ဖောက်သွားတယ်ဆိုတဲ့ အချက်နဲ့တင် မသင်္ကာစရာ ကောင်းနေပြီ။ ကျန်းနန်ပြည်က ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာတယ်ဆိုဆို သာမန်လူတန်းစားတွေက သူတို့ကလေးတွေကို နှစ်သစ်ကူးမဟုတ်ဘဲနဲ့ မီးရှူးမီးပန်းတွေ ဆော့ခွင့်ပြုမှာ မဟုတ်ဘူး။
သူမ စိုးရိမ်နေသေးတာကို မြင်တဲ့အခါ စုချင်က နှစ်သိမ့်လာသည်။
“အမေ့ခြေထောက် မတော်တဆ ခေါက်သွားရုံပါ အဆင်ပြေပါတယ်”
မုယွမ်ယောင်က မြန်မြန် ထိုင်ချလိုက်ပြီး စုချင်ခြေချင်းဝတ်ကို ကြည့်ရှုလိုက်သည်။ နည်းနည်းလေးရောင်ပြီး ဖောင်းသွားရုံတင် ဖြစ်တာကြောင့် သူမ စိတ်အေးစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။
“အမေ ဒီနှစ်ရက်အတွင်း အတတ်နိုင်ဆုံး အပြင်မထွက်နဲ့။ ဒီကိစ္စက ထင်ရသလောက် ရိုးရှင်းမနေမှာ စိတ်ပူတယ်”
“ကောင်းပြီ"
လျိုလျန် အနားမှာ မရှိတာကြောင့် သူမ စစ်ချင်နဲ့ ကျန်တဲ့သူတွေကို အပြည့်အဝ မယုံကြည်နိုင်ပေ။ အခုလက်ရှိတော့ မုယွမ်ယောင် ထိုကိစ္စကို စိတ်ထဲမှာသာ သိမ်းထားလိုက်သည်။ သူမ နီယွင်ဖန်းမှာရှိတဲ့ လူတိုင်းကို ပုံမှန်ထက် သတိထားဖို့ ထပ်ကာထပ်ကာ သတိပေးခဲ့သည်။
ညအချိန်မှာ ညှော်နံ့တစ်ခု ရတာကြောင့် မုယွမ်ယောင် ရုတ်တရက် နိုးလာခဲ့သည်။ အပေါ်ဝတ်တွေ ဝတ်ပြီးတာနဲ့ သူမ ကျင်းလန်နဲ့ တခြားသူတွေကို ခေါ်လိုက်သည်။ အောက်ထပ်ကို ရောက်တဲ့အခါ မီးရောင်ကို မြင်နေရပြီဖြစ်သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...