10.16

1.1K 116 13
                                    

Unicode

အမှန်တော့ ဒီခြံဝင်းတစ်ခုလုံးက စုန့်ကျင်းဟိုင်၏ ထိန်းချုပ်မှုအောက်မှာရှိနေသလို နေရာတိုင်း၌ အစောင့်တွေရှိနေပြီးသားဖြစ်၏။ ထို့ကြောင့် မိုင်လေး ခြံဝင်းထဲကို စဝင်လာကတည်းက စုန့်ကျင်းဟိုင်က ကြိုသိနေခဲ့သည်။ သူမလေး အိမ်ထဲရောက်လာမည့် အချိန်ကိုတွက်ချက်လိုက်ပြီး သူ့ကိုမြူဆွယ်ရန် ကြိုးစားနေသည့် ကုချောင်ရှင်းဆိုသည့် အမျိုးသမီးကို အခွင့်အရေးပေးလိုက်ခြင်းပင်။ သို့သော်ငြား အစမှအဆုံးအထိ ထိုအမျိုးသမီး၏ခန္ဓာကိုယ်ကို မကြည့်ခဲ့သလို ထိပင်မထိခဲ့။ သူ့ရဲ့အော်ညည်းသံကလည်း ဟန်ဆောင်နေခဲ့ခြင်းသာ။

အရာအားလုံးက သူ့အပေါ် သူမလေးစိတ်ပျက်သွားရန်သာ ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ချက်ချင်းဆိုသလို ဖြူဖျော့သွားသည့်မျက်နှာ၊ မျက်ရည်လဲ့လာသည့် မျက်ဝန်းအိမ်က သူ့ရဲ့နှလုံးသားကို ထင်မှတ်မထားလောက်အောင် ထိုးနှက်နိုင်ခဲ့သည်။ သူမရဲ့မျက်ရည်စတွေက သူ့နှလုံးသားပေါ် ပတ်ဖြန်းလိုက်သည့် အက်စစ်ရည်များအလား၊ သတိလစ်ကာ လဲပြိုကျသွားသည့် သူမလေးကိုကြည့်ရင်း သူ့ရဲ့နှလုံးသားတစ်ခုလုံး ပဲ့ကြွေသွားရသလို နာကျင်လာခဲ့သည်။ သူ့ရဲ့ကိုယ်ထဲ၌ စီးဆင်းနေသည့် သွေးတွေအကုန်လုံး ရပ်တန့်သွားရသလိုမျိုး၊ စိတ်ဝိဉာဉ်တစ်ခုလုံး လစ်ဟာသွားရသလိုမျိုး၊ ထိုခံစားချက်က ခံရခက်လွန်းသည်။

သူတောင် ဒီလောက်ခံစားနေရရင် သူမလေးရော ဘယ်လောက်အထိ ခံစားသွားရမလဲ..? အခုတော့  သူ့ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် နောင်တရစရာတွေ ဖြစ်သွားခဲ့ရပြီ..!

ထိုအမျိုးသမီးလေးက သူ့အပေါ် ထိုမျှအထိ လွှမ်းမိုးနိုင်လိမ့်မည်ဟု မထင်ထားခဲ့သည်မှာ အမှန်ပင်။

“ချင်းချင်း.. ကိုယ်… ကိုယ်လေ နောင်တရလို့ အချိန်မှီသေးလားဟင်..?”

သူ့ကိုပြန်မဖြေနိုင်မှန်း သိပါသော်ငြား မေ့လဲနေသည့် ထိုမိန်းကလေးရဲ့လက်ဖဝါးပြင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိရင်း ရေရွတ်နေမိတော့သည်။

ယောက်ျားတစ်ဦး၏မျက်ရည်က ဘယ်သောအခါမှ လိမ်ညာခြင်းမရှိပါချေ။

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now