"ငါ့ညီရဲ့လက်တစ်ဖက်က ကောင်လေးရဲ့ပခုံးပေါ်ကို ဖွဖွလေးတင်လိုက်ပါ့လား"

ကာရန်ရှင်းသည် ဓာတ်ပုံဆရာအကြံပေးသည့်အတိုင်း အကုန်လိုက်လုပ်နေပြီး အလွန်နာခံနေပုံမှာ ချစ်စဖွယ်ပင်ကောင်းလှသည်။

"ဘာရယ်နေတာလဲ။ ဓာတ်ပုံလှလှလေးထွက်လာအောင် အာရုံစိုက်မှပေါ့"

ကာရန်ရှင်းဟာ ဤဓာတ်ပုံရိုက်ခြင်းအမှုကိစ္စအပေါ် ဘဝကြီးတစ်ခုလုံးမူတည်နေသည့်အလား အာရုံစိုက်ထားသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ညီသုတထင်မိသည်။ အလွန်စိတ်အားထက်သန်နေသောသူကို ငေးကြည့်ရင်း သူ့မှာပြုံးပျော်၍မဆုံးနိုင်ပေ။

"ဘာဖြစ်လဲ။ ဓာတ်ပုံဆရာကလည်း လျှပ်တပြက်ရိုက်ချက်လေးတွေလိုချင်တယ်လို့ပြောထားတာပဲကို။ အရမ်းရုပ်မပျက်သေးသရွေ့ အဆင်ပြေပါတယ်"

"အဲ့ဒီအနေအထားလေးအဆင်ပြေတယ်။ ပြုံးထားကြဦးနော်"

သူတို့၏လျှပ်တပြက်ရိုက်ချက်များသည် တမင်ပို့စ်ထုတ်သည့်ပုံများထက် ပိုကြည့်ကောင်းသည်ကိုသတိပြုမိသွားသော ဓာတ်ပုံဆရာမှာ သူတို့အား လွတ်လွတ်လပ်လပ်နေစေ၍ အနေအထားကောင်းကိုရလျှင် သူကယခုလိုလမ်းညွှန်ပြီး အလှပဆုံးရိုက်ယူသည်။

"ကင်မရာကိုမေ့ထားပြီး လွတ်လွတ်လပ်လပ်သာနေ..။ လျှပ်တပြက်ရိုက်တာလေးတွေက ပိုသဘာဝကျပြီးပိုလှနေတယ်။ ကျုပ်ကို မရှိတဲ့လူလို့သာသဘောထားနေဗျာ"

ဓာတ်ပုံဆရာ၏စကားကို ညီသုတကြားသော် ကာရန်ရှင်း၏ခါးကိုအသာအယာဖက်လိုက်ပြီး သူ့မျက်နှာနားသို့ တိုးကပ်သွားကာ စကားတစ်ခွန်းကို တီးတိုဆိုရသည်။

"သူပြောသလို တကယ်ကြီး မရှိတဲ့လူလို့သဘောထားလိုက်လို့မရဘူးနော်။ ငါပြောတာသဘောပေါက်လား"

ညီသုတပူပန်နေသည်ကို ကာရန်ရှင်းနားလည်သည်။ ထို့ကြောင့်လည်း သဘောတကျရယ်မောလိုက်မိပြီး ညီသုတ၏နဖူးပြင်လေးကို အသာအယာအနမ်းခြွေလိုက်သည်။ သူ့အနေနှင့် မရှိသည့်လူလိုသဘောထားသည်ဟူသော စကေးသည်အလွန်ကြမ်းလေသည်။ အမှန်တကယ်မရှိသည့်လူလို သဘောထားလိုက်ရလျှင်ဖြင့် ညီသုတတစ်ယောက်ရှက်လွန်း၍ တစ်ရက်မျှအခန်းအောင်းသွားရနိုင်သည်။

Mr.Silent (Completed)Where stories live. Discover now