Part-37

2.3K 229 27
                                    

Unicode Version

"ဒီနေရာမှာ ငယ်ငယ်တုန်းက အမှတ်တရတွေအများကြီးပဲ"

ညီသုတသည် အမြွှာနှစ်ယောက်၏ အိမ်သို့ရောက်နေခြင်းဖြစ်ပြီး သူတို့၏ကိုယ်ပိုင်နေရာလေးလို ဖြစ်နေသော အိမ်နောက်ဖေးဘက်တွင် ထိုင်ကာ အတိတ်ကဖြစ်ရပ်များကို ပြန်လည်အောက်မေ့မိသည်။

သူအိမ်ပြောင်းပြီးကတည်းက အမြွှာနှစ်ယောက်တို့အိမ်သို့ မလာဖြစ်တော့သည်မှာ အတော်ကြာခဲ့ပြီ။ ယခုလိုပြန်ရောက်လာရချိန်တွင်လည်း ဤနေရာလေးသည် ယခင်ကလိုသာယာဆဲ။

"ငါမှတ်မိပါသေးတယ်။ ဒီအပင်ပေါ်မှာ မင်း တွဲလောင်းကြီးဖြစ်နေခဲ့တာလေ"

လင်းထက်ပိုင်က ရွှတ်နောက်နောက်နှင့်စလေရာ ညီသုတရော စွမ်းထက်ပိုင်ပါ အော်ရယ်မိသည်။ နောက်တစ်ကြိမ်ပြန်မရနိုင်တော့သည့် အခိုက်အတန့်များစွာကို ပြန်လည်အောက်မေ့ရင်း တစ်ခုပြီးတစ်ခုပြန်တွေးကာ ရယ်လိုက်မောလိုက်နှင့် အချိန်ဖြုန်းနေကြသည်။

"ဒါနဲ့ နောက်အပတ်တနင်္ဂနွေနေ့မှာ ငါတို့ကျုရှင်မှာ ဆရာကန်တော့ပွဲလုပ်မှာတဲ့။ မသွားရတာလည်း နှစ်နှစ်လောက်ရှိနေပြီ။ ပိတ်ရက်လည်းပိတ်ရက်ဆိုတော့ သွားကြရအောင်"

စွမ်းထက်ပိုင်က အစပြုလိုက်သောစကားကို ညီသုတရော လင်းထက်ပိုင်ပါ စိတ်ဝင်စားကြသည်။

"အဲ့ဒီနေ့ဆိုတာ သေချာလို့လား"

"သေချာတယ်လေ။ ချယ်ရီကိုယ်တိုင်ပြောပြတာ"

စွမ်းထက်ပိုင်နှင့်ညီသုတတို့ပြောနေသည်ကို နားထောင်ရင်း လင်းထက်ပိုင်၏ မျက်နှာမှာ ရှုံ့မဲ့မဲ့။

"လာပြန်ပြီ ချယ်ရီ"

"မင်းကလေ ချယ်ရီ့ကိုဆိုရင် မကောင်းမမြင်နိုင်ဘူး။ သူပြောပြလို့သိတယ်ဆိုတာကရော အမြင်ကပ်စရာပါသေးတာလား"

"ကပ်ချင်လို့ကိုကပ်တာ။ ဘာဖြစ်လဲ"

မဆုံးနိုင်သည့်ရန်ပွဲသည် စတင်လိုက်ပြီဖြစ်ရာ ညီသုတလည်း နားညည်းမခံနိုင်သေးသဖြင့် ထိုနေရာမှထကာ ခြံထဲ၌လမ်းလျှောက်ရင်း အတိတ်ကိုပြန်လည်အောက်မေ့ရင်း လွမ်းဆွတ်နေရသည်။ ပြန်မရနိုင်တော့သည့် ငယ်ဘဝ၊ အားအင်အပြည့်နှင့် ပျော်ရွှင်ခဲ့ရပါသော ငယ်ဘဝသည် ယခုလက်ရှိဘဝနှင့် လုံးဝကွာခြားနေလေပြီ။

Mr.Silent (Completed)Where stories live. Discover now