Part-48

3K 252 21
                                    

Unicode Version

နောက်တစ်​ရက်မနက်စောစောတွင်လည်း ညီသုတဟာ ကာရန်ရှင်းဆီသို့ ထွက်လာခဲ့လေသည်။ ညီသုတရောက်သွားချိန်တွင် ကာရန်ရှင်းသည် ဆေးရုံခန်းထဲတွင် ပျင်းတိပျင်းလျော့အမူအရာနှင့် သူ့အဘိုးကို စကားပြောနေသည်။ ကုမ္ပဏီကိစ္စတချို့နှင့် ရှယ်ယာကိစ္စများပြောဆိုနေကြသည်ကို ညီသုတတစ်စွန်းတစ်စကြားလိုက်ရပြီးနောက် သူဝင်လာသည်ကိုမြင်သည်နှင့် နှစ်ယောက်သားစကားစရပ်သွားကြသောကြောင့် အခြားဘာမှမသိလိုက်ပေ။

"ဒီနေ့ရုံးမသွားဘူးလား"

ကာရန်ရှင်းက သူ့ကိုမြင်သည်နှင့် မူလကတည်တင်းနေသောမျက်နှာထက်တွင် ပေါ့ပါးသောအပြုံးတစ်ခုဖြစ်တည်လာပြီး မျက်လုံးအရောင်မှာလည်း တလက်လက်နှင့် တောက်ပနေလေသည်။

"ခွင့်ယူထားတာ.."

"ဘာလို့လဲ။ ငါ့ကြောင့်လား"

ညီသုတသည် ကာရန်ရှင်း၏အဘိုးကို မဝံ့မရဲကြည့်လိုက်မိပြီးနောက် အသာအယာခေါင်းညိတ်ပြလေသည်။

"ဒီကိုလာလေ.."

ကာရန်ရှင်းသည် ကုတင်ဘေးရှိလူနာစောင့်ခုံ၌ ညီသုတဝင်ထိုင်လိုက်သည်ကို မြင်သော် အလိုမကျဟန်နှင့်စိုက်ကြည့်ကာ သူ့ဘေးရှိနေရာလွတ်ကို ပုတ်ပြရင်း လာထိုင်ရန် ဆိုလေသည်။ ညီသုတမှာလည်း အားတုံ့အားနာဟန်ဖြင့်ပြုံးကာ ကာရန်ရှင်းကို သူ့အဘိုးရှိနေသေးကြောင့် အရိပ်အကဲပြလေသည်။

"မြေးလေးက မနေ့ညကတစ်ရေးနိုးလာကတည်းက မင်းကိုမျှော်နေတာ။ အခုရောက်လာပြီဆိုတော့ ဒီအဘိုးကြီးရှေ့တောင် အိန္ဒြေမဆည်နိုင်ရှာတော့ဘူး"

ပြုံးစစနှင့်ပြောလာသောအဘိုး၏စကားကြောင့် ညီသုတမှာ မျက်နှာတစ်ခုလုံးနီမြန်းသွားရပြီး လက်ကိုလည်း ဘယ်နားထားရမှန်းမသိလောက်အောင် နေရခက်သွားရသဖြင့် အရှက်ပြေအနေနှင့် လည်ဂုတ်ကိုသာ အကြောင်းမဲ့ပွတ်သပ်နေမိသည်။ ကာရန်ရှင်းကတော့ အရှက်ဟူသောအရာကိုပင် မသိတတ်စွာ အဘိုးဖြစ်သူကို မျက်နှာပြောင်တိုက်နေလေသည်။

"အဘိုးလည်း ဒီလို​နေ့ရက်လေးတွေကို ကျော်ဖြတ်ဖူးတာပဲ။ ကျွန်တော်ပြောရဲတယ်။ အဘိုးတုန်းကဆိုရင် ကျွန်တော့်ထက်တောင် ဆိုးဦးမှာ"

Mr.Silent (Completed)Where stories live. Discover now