Part-12

3.1K 284 12
                                    

Unicode Version

"အခက်အခဲတွေကို တစ်ယောက်တည်းကျော်ဖြတ်ဖို့မလွယ်ကူတဲ့အခါ အကူအညီယူရမယ်ဆိုရင် ငါ့အတွက်တော့ အဲ့ဒါမင်းဆီကပဲဖြစ်လိမ့်မယ်ထင်တယ်"

ကာရန်ရှင်း၏ဘဝတစ်လျှောက်လုံးမှာ အားပေးစကားပြောခဲ့ဖူးသူဟူ၍ များများစားစားမရှိ။ မိဘနှစ်ပါး၏ဖိအားအောက်တွင် ကြီးပြင်းလာရသောသူ့အဖို့ နှစ်သိမ့်စကားဆိုသည့်အရာကို မိဘများထံမှငံ့လင့်ရန်ဝေးစွ။ သူတို့၏ဖိအားအောက်တွင် သေမတတ်ရုန်းကန်နေရသည်နှင့်ပင် မအားလပ်နိုင်ခဲ့ပေ။

လွန်ခဲ့သည့်နှစ်များကမူ သူ၏အစ်ကိုနေရန်ရှင်းက သူ၏အားကိုးရာဖြစ်ခဲ့သေးသည်။ သူ့ကိုစိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်ပေးသူ၊ သူ၏နာကျင်မှုကို နားလည်နိုင်စွမ်းရှိသူ၊ သူ့ကိုစိတ်သက်သာရာရစေသူဟာ သူ၏အစ်ကိုတစ်ဦးတည်းသာရှိခဲ့သည်။ ထို့ကြောင့် နေရန်ရှင်းဆုံးပါးသွားသည့်နောက်တွင် သူ့အတွက် ကမ္ဘာကြီးပျက်သုဥ်းသွားသည်နှင့်ပင် အလားသဏ္ဍာန်တူလှသည်။

ထို့ကြောင့် မထင်မှတ်ထားဘဲ ညီသုတထံမှအားပေးစကားများရခဲ့စဥ်က အတိုင်းမသိပျော်ရွှင်မှုနှင့်အတူ မျှော်လင့်ချက်ရောင်ခြည်လေးပါ တောက်ပလာခဲ့သည်။ သို့ဖြစ်ရာ ထိုကဲ့သို့သောလူသားထံတွင် သူ၏အတွေးအမြင်များကို ပြောင်းလဲပစ်ပါဆိုလျှင်တောင် ပြောင်းလဲပစ်ချင်မိသည်အထိ ပီတိဖြစ်မိခဲ့ရသည်။

သို့သော် သူဟာ သူ၏ကံကောင်းခြင်းတချို့ကို သူကိုယ်တိုင်ပုတ်ထုတ်တတ်လေ့ရှိလေရာ ညီသုတကိုလည်း မရည်ရွယ်ပါဘဲ နာကျင်စေခဲ့မိသည်။ နာကျင်စေသူဟာ သူဖြစ်နေသော်လည်း ထိုလူသားနှင့် ရင်းနှီးလိုသူကလည်း သူပဲဖြစ်နေပြန်သည်။

ယခုလည်း စာသင်ခန်းအရှေ့ရှိ ကျောက်စားပွဲခုံတွင် ထိုင်၍ မျက်နှာချင်းဆိုင်ရှိ ညီသုတကို သူပြောသည့်စကားများ၏ အကြောင်းအရင်းကို ရှင်းပြနေရသည်။

"ငါက ဘာလို့မင်းကိုကူညီပေးသင့်တာလဲ"

မျက်လွှာကိုအသာချထားရင်း တည်ငြိမ်အေးဆေးဟန်ဖြင့် ညီသုတက မေးလာသည့်အခါ ကာရန်ရှင်းကလည်း မဆိုင်းမတွပြန်ဖြေသည်။ သူဟာ ထိုမေးခွန်းအတွက် တွေဝေနေစရာမလိုလောက်အောင် သေချာလွန်းသည့်စိတ်ဆုံးဖြတ်ချက်ရှိသည်။

Mr.Silent (Completed)Where stories live. Discover now