Part-26

2.5K 241 38
                                    

Unicode Version

"မင်း ဘာဖြစ်လာတာလဲ"

စိတ်နှင့်ကိုယ်မကပ်ဘဲ တစ်ယောက်တည်းကယောင်ချောက်ချားဖြစ်နေသည့် ပုံစံနှင့် ညီသုတသည် အမြွှာနှစ်ယောက်၏အိမ်သို့ ဒုန်းစိုင်းပြီး ရောက်ချလာသဖြင့် ဂိမ်းဆော့နေကြသော အမြွှာနှစ်ယောက်မှာ အထိတ်တလန့်ပင် ဖြစ်သွားရသည်။

"ကာရန်ရှင်း..."

ဆက်မပြောဘဲ ငေးတိငေးကြောင်ဖြစ်နေသောညီသုတကို အမြွှာနှစ်ယောက်က နားမလည်နိုင်စွာ စိုက်ကြည့်မိကြသည်။

"မင်း အဆင်ပြေလား။ သူ ပြန်လာမှာမဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြေကွဲနေတာလဲ။ ငိုချင်ရင် ငိုချလိုက်"

လင်းထက်ပိုင်သည် ဘုမသိဘမသိနှင့် ထပြောလေရာ အရိပ်အကဲခတ်မိသွားသော စွမ်းထက်ပိုင်က သူ၏ကျောပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။

"တိတ်တိတ်နေစမ်း။ ဗရုတ်သုတ်ခတွေမပြောနဲ့"

စွမ်းထက်ပိုင်သည် မျက်နှာပြောင်နေသော လင်းထက်ပိုင်ကို ဟန့်တားလိုက်ပြီးနောက် ညီသုတကို ထိုင်စရာနေရာပေးလိုက်သည်။ ညီသုတခမျာ ယခုထိ စိတ်ပျံ့လွင့်နေဆဲ။

"ဘာဖြစ်လာလဲဆိုတာ အခုပြောလို့ရပြီလား"

"အမ်...အင်း...။ ဟိုဟာကွာ..ကာရန်ကလေ.."

"အင်း သူကဘာဖြစ်လဲ"

စွမ်းထက်ပိုင်လည်း ညီသုတ၏စကားကို ထောက်ပေးလိုက်ပြီး သူ၏စကားကို ဆက်ခိုင်းလိုက်သည်။

"ငါ့ကို ချစ်တယ်တဲ့"

ညီသုတ၏စကားကိုကြားသော် အမြွှာနှစ်ယောက်သည် အနည်းငယ်မျှဆွံ့အသွားသော်လည်း အံ့သြခြင်းအလျင်းမရှိ။ သူတို့နှစ်ဦးလုံးသည် အပြင်လူများဖြစ်ကြသည့်အတွက် ကိုယ်စီအိပ်ချင်ယောင်ဆောင်နေကြသော ကာယကံရှင်နှစ်ယောက်၏ ခံစားချက်ကို ပုံဖော်နိုင်ခဲ့သည်။

သို့သော် သူတို့သည် ညီသုတကသာ အရင်ဦးစွာဖွင့်ပြောသူဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသော်လည်း ထင်မှတ်ထားသည်နှင့် ဆန့်ကျင်စွာပင် ကာရန်ရှင်းက ဦးစွာထုတ်ဖော်လာသောကြောင့် မယုံနိုင်အောင်ဖြစ်မိသည်ကတော့ အမှန်ပင်။

Mr.Silent (Completed)Where stories live. Discover now