Part-45

2.8K 256 23
                                    

Unicode Version

ညီသုတသည် တစ်ချိန်ကကာရန်ရှင်းပေးဖူးသော နာရီလေးကို စွန့်ပစ်ခံပစ္စည်းများစုပုံနေသည့်အခန်းထဲမှ ပြန်ရှာလာပြီး ထိုနာရီလေးကို တစိုက်မတ်မတ်ငေးမောနေမိသည်။ သူတို့နှစ်ဦးဝေးကွာခဲ့ရသောအချိန်အတိုင်းအတာသည် သာမန်ကာလျှံကာမျှဆိုလျှင် ငါးနှစ်ဟုခန့်မှန်းမိသော်လည်း တိတိကျကျ ပြန်တွက်ကြည့်လျှင် ခြောက်နှစ်ပင်ပြည့်လုနီးလေပြီ။

ဤအချိန်အတွင်း၌ အရာအားလုံးပြောင်းလဲသွားခဲ့သလို တချို့မှာလည်း ဟောင်းနွမ်းခဲ့ရလေပြီ။ ဖုန်တက်နေလေပြီဖြစ်သော နာရီလေးမှာတော့ သူသယ်ဆောင်လာခဲ့ရသည့် အမှတ်တရများကို သစ်လွင်နေအောင်ဖန်တီးပေးထားပေသည်။ တစ်ချိန်လုံးလွဲချော်နေခဲ့ရသည့်ရေစက်များတွင် သူဘယ်သူ့ကိုအပြစ်တင်သင့်ပါသလဲ။

မနေ့က ကာရန်ရှင်း၏အဘိုးပြောသွားသော စကားများသည် သူ၏ခေါင်းထဲတွင် ဟိုသည်ပြေးလွှားကာ အာရုံတစ်ခုလုံးကို စိုးမိုးထားသည်။

အထက်တန်းလွှာမိသားစုများအကြားက အာဏာလုပွဲနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ကာရန်ရှင်းကြုံတွေ့ခဲ့ရလေကြောင်း၊ ထိုကိစ္စ၏နောက်ဆက်တွဲအဖြစ် လေးနှစ်တာမျှ အတိတ်တို့ပျောက်ဆုံးခဲ့ရကာ ညီသုတကိုမမှတ်မိခဲ့ရလေကြောင်း၊ မှတ်ဉာဏ်ပြန်ရချိန်တွင် အရာအားလုံးသည် နောက်ကျခဲ့ရလေပြီဟူသော အသိဖြင့် အပြင်းအထန်ကြေကွဲခဲ့ရသည့်နေ့ရက်များကို ဖြတ်ကျော်ခဲ့ရလေကြောင်း တစ်ဆင့်စကားဖြင့် သိခဲ့ရသည်။ စေ့စပ်ပွဲကိစ္စမှာလည်း ညီသုတ၏မိဘများအဖြစ်နှင့် ဆက်စပ်နေခဲ့​ကြောင်းများလည်း သိရသည်။

ထိုအကြောင်းကို သိသိချင်း ညီသုတအနေနှင့် ခဏမျှတွေဝေသွားရသေးသည်။ သူ့လူငယ်ဘဝဆုံးရှုံးခဲ့ရခြင်း၏ တရားခံသည် ထိုသူ၏မိခင်ဟူသောအချက်က သူ့ကိုအနည်းငယ်တွေဝေစေသော်လည်း တကယ်တမ်းတွေးကြည့်လျှင် ဤကိစ္စတွင် ကာရန်ရှင်းသည်လည်း နစ်နာသူဖြစ်နေပြန်သည်။ အနစ်နာရဆုံးလူဟုပင် သတ်မှတ်၍ရနိုင်သည်။

တစ်ဆင့်စကားနှင့်သိခဲ့ရသော်လည်း ကိစ္စအသေးစိတ်ကို ညီသုတခံစားကြည့်နိုင်သည်။ ခက်ခဲကြမ်းတမ်းသောနေ့ရက်များကို ကျော်ဖြတ်ခဲ့ရသည်တဲ့လား။ ကာရန်ရှင်းတွေ့ကြုံခဲ့ရသမျှသည် သူ့ထက်ပင်ဆိုးဝါးခဲ့ပေသည်။ ဤသည်ကိုပင် သူကစကားကြမ်းကြမ်းများနှင့် နာကျင်စေမိပြန်သည်။ သူ့ဘဝထဲမှ ပျောက်ကွယ်ပေးရန်ပင် တောင်းဆိုခဲ့သေးသည်။ မှားသည်ထက်မှားခဲ့ရပါလားလေ။

Mr.Silent (Completed)Where stories live. Discover now