Part-32

2.4K 239 57
                                    

Unicode Version

"မနက်ဖြန် ရုံးပိတ်ရက်ကွ.."

ကျောမှီထိုင်ခုံလေးပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်ရင်း ညီသုတတစ်ယောက် အားရကျေနပ်စွာ ရေရွတ်လိုက်သည်။ ပိတ်ရက်မတိုင်ခင် ညမျိုးသည် ပုံမှန်ရက်များထက် ပို၍စိတ်ပျော်ရွှင်စေသည်။ ထိုင်ခုံပေါ်တွင်လှဲနေရင်း အညောင်းပြေအညာပြေ အပျင်းကြောဆန့်လိုက်သည်ကို ရှေ့တည့်တည့်တွင် ထိုင်နေကြသော စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်က လှောင်ရယ်ကြသည်။

"တော်ရုံလောက်ပဲ ပျော်ပါကွာ။ ပိတ်ရက်ကို အခုမှကြုံဖူးတာကျနေတာပဲ"

လင်းထက်ပိုင်က ညီသုတ၏အမေ လာချပေးသွားသော အအေးခွက်ကို လှမ်းယူလိုက်ရင်း ပြောလေသည်။ စွမ်းထက်ပိုင်ကတော့ ဖုန်းတကိုင်ကိုင်နှင့် အလုပ်များနေလေ၏။ ဤသည်ကိုမြင်သော် ညီသုတက မြင်ပြင်းကပ်စွာ ပြောဆိုပါတော့သည်။

"ဟိုကောင်...မင်း ငါ့အိမ်ကိုလာတာ Wifiလာသုံးဖို့လား။ ဖုန်းလေးဘာလေးချပါဦး"

"မဟုတ်ပါဘူးကွာ...ချယ်ရီက မေးနေလို့ပါ"

စွမ်းထက်ပိုင်က ဖုန်းအကြည့်မပျက်ဘဲ ပြန်ဖြေနေသဖြင့် လင်းထက်ပိုင်ကပါ ညီသုတဘက်မှပါဝင်၍ ပြောဆိုလေသည်။ သူသည်လည်း ဤရက်ပိုင်းအတွင်း အဖြစ်သည်းပြနေသော စွမ်းထက်ပိုင်ကို ကြည့်မရဖြစ်နေခဲ့သည်မှာ ကြာလေပြီ။ ထို့ကြောင့် ကြုံတုန်းကြုံခိုက် ဝင်တွယ်လိုက်ခြင်းသာ။

"ပြောမနေနဲ့။ သူကသူ့မယားလေးကို တော်တော်ဖြစ်နေတာ"

"မရိုင်းနဲ့နော်။ သူက နောက်ဆိုရင် မင်းရဲ့မရီးဖြစ်လာတော့မှာ"

"ငါဘယ်မှာရိုင်းလို့လဲ။ သူက မင်းမယားမဟုတ်လို့ ငါ့မယားလား"

"ငါ မင်းကိုထိုးတော့မှာနော်။ မယုံမရှိနဲ့"

စွမ်းထက်ပိုင်က လင်းထက်ပိုင်ကို ခြိမ်းခြောက်ဟန်အပြည့်နှင့် ပြောလိုက်သော်လည်း လင်းထက်ပိုင်ကတော့ဖြင့် တဟားဟားအော်ရယ်လျက်ရှိသည်။ ထိုအမြွှာနှစ်ယောက်၏ ရန်သတ်ပွဲကို ထိုင်ကြည့်နေရသော ညီသုတမှာလည်း ခပ်ပြုံးပြုံး။

Mr.Silent (Completed)Where stories live. Discover now