Part- 14

2.6K 275 13
                                    

Unicode Version

ထမင်းစားသောက်၍ ပြီးစီးချိန်၌ ကျောင်းတက်ရန် နာရီဝက်မျှပင် လိုသေးသည်ဖြစ်ရာ ညီသုတက အအေးသွားဝယ်ရန် စိတ်ကူးမိသည်။ ထို့ကြောင့် လင်းထက်ပိုင်နှင့် စွမ်းထက်ပိုင်ကို အဖော်ခေါ်ရန် စဥ်းစားမိသော်လည်း ထမင်းစားပြီးကတည်းက အသည်းအသန်စာရေးနေသော အမြွှာနှစ်ယောက်၏ ပုံစံမှာ ယားလို့ပင်မကုတ်အားသည့် ပုံစံပေါက်နေလေ၏။

"မင်းတို့နှစ်ကောင် ဘာတွေကို ဒီလောက် အသည်းအသန်ကူးနေကြတာလဲ"

"သင်္ချာအိမ်စာလေကွာ။ ခဏနေကျရင် သင်္ချာချိန်ကြီး။ ငါတို့အိမ်စာလုပ်ဖို့မေ့လာလို့"

"ဘယ်သူ့ဆီကကူးနေတာလဲ"

"မင်းဆီကလေ"

"ဟမ်.. ငါတွက်ထားတာ အဖြေမှန်မမှန်မသေချာဘူးနော်"

"ရတယ်။ ကိစ္စမရှိဘူး"

"ဒါဆို ငါ အအေးသွားဝယ်မှာ ဘယ်သူမှမလိုက်တော့ဘူးပေါ့"

နှစ်ယောက်သားက ခေါင်းပင်မဖော်နိုင်တော့ဘဲ အပီအပြင်ကူးနေလေရာ ညီသုတလည်း ဘာမှဆက်မပြောတော့ဘဲ အနားမှလှည့်ထွက်လာခဲ့လိုက်သည်။

ညီသုတလည်း အတန်းထဲကို ဟိုဟိုသည်သည် အကြည့်ဝေ့မိသောအခါ အမြွှာနှစ်ယောက်လိုပင် အိမ်စာမပြီးခဲ့သဖြင့် ကူးနေကြသူများ နေရာအနှံ့တွင် ရှိနေလေသည်။ ထိုအထဲတွင်မှ တည်တည်ငြိမ်ငြိမ်အရှိဆုံးသူမှာ ကာရန်ရှင်း။ ကာရန်ရှင်းမှာ စာအုပ်တစ်အုပ်ကို အေးအေးလူလူ ထိုင်ဖတ်နေသည်။

"သင်္ချာအိမ်စာပြီးပြီလား"

ညီသုတက ကာရန်ရှင်း၏အနားသို့ လျှောက်သွားလိုက်ပြီး သူ၏လက်ထဲမှ စာအုပ်အဖုံးကို ငုံ့ကြည့်ရင်း မေးလိုက်လေရာ ကာရန်ရှင်းကလည်း သူဖတ်လက်စစာအုပ်ကို စားပွဲပေါ်သို့တင်လိုက်ပြီး စားပွဲရှေ့တွင်ရပ်နေသော ညီသုတကို မော့ကြည့်လာသည်။

"အင်း။ ပြီးပြီ"

" အေးပေါ့။ ကာရန်ရှင်းပဲဟာကို။ မပြီးဘဲ ဘယ်နေပါ့မလဲ"

ညီသုတက မဲ့ကာရွဲ့ကာဖြင့် တမင်လုပ်ပြောလေရာ ကာရန်ရှင်းကလည်း ညီသုတ၏အမူအရာကို ကြည့်၍ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်မိ၏။ ညီသုတကလည်း အပြုံးမမည်သောအပြုံးတစ်ခုကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။

Mr.Silent (Completed)Where stories live. Discover now