Part-8

3.2K 294 15
                                    

Unicode Version

ညီသုတဟာသူ့ထံသို့မမျှော်လင့်ဘဲရောက်လာသောကံကောင်းခြင်းလေးကြောင့် နောက်ထပ်နာရီပေါင်းများစွာကြာသည်အထိ ပျော်ရွှင်ကျေနပ်မှုကိုခံစားနေရသေးသည်။ သို့သော် ခဏတဖြုတ်အနားယူပြီးလျှင် ကျောင်းပြန်လာတက်မည်ဟုပြောသွားသော ကာရန်ရှင်းကမူ နောက်ထပ်သုံးရက်ကြာသည်အထိ ပေါ်မလာခဲ့ပေ။

ကာရန်ရှင်းမရှိလျှင် ညီသုတဟာ သူ၏ လူအများကြားတွင်ပေါ်လွင်အောင်နေချင်စိတ်က စိတ်အားထက်သန်မှုမရှိတော့သည်ကို အမှတ်မထင်သတိထားမိလိုက်သည်။ ထို့အပြင် မကြာမီရက်ပိုင်းအတွင်း၌ သူတို့၏ပထမဆုံးလပတ်စာမေးပွဲက ရောက်ရှိလာတော့မည်။ လပတ်စာမေးပွဲကအထူးတလည်အရေးကြီးလှသည်မဟုတ်သော်လည်း အောင်ရန်လည်းလိုအပ်သေးသည်။ ထို့ကြောင့် ဤရက်ပိုင်းအတွင်း၌ ညီသုတခြေငြိမ်နေသည်ဟုဆိုလျှင်လည်းမမှား။

ညီသုတခြေငြိမ်နေသော်လည်း အမြွှာနှစ်ယောက်ကမူ ညီသုတအတွက်ပါထပ်ပေါင်း၍ သုံးယောက်စာ တက်ကြွပြနေလေ၏။ ဤရက်ပိုင်းအတွင်း သူတို့နှစ်ယောက်၏ချောက်ချမှုကို ခံရသူများ မနည်းမနောပင်။

တချို့ဆိုလျှင် ကျောင်းအုပ်ရုံးခန်းမှ အခေါ်ခံရသည်ဟူသောအကြောင်းပြချက်မျိုးနှင့် အရူးလုပ်ခံရသည်။ သူတို့၏ကျောင်းရှိကျောင်းအုပ်မှာ အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး အမျိုးသားမုန်းတီးရေးဝါဒီကို လက်ကိုင်ထားသူဟုပင် ဆိုထိုက်သည်။ ယောက်ျားများကို အပြင်းအထန်မုန်းတီးနေသည်မျိုး မဟုတ်သော်လည်း သူ(မ)၏အတွေးထဲတွင် ယောက်ျားများဟာ အယုံအကြည်မထားအပ်သောသတ္တဝါများဟု စွဲမြဲစွာယုံကြည်ထားပုံရ၏။

သူ(မ)က ဆရာများကိုဆရာမများလောက် ယုံကြည်ကိုးစားမှုမရှိသည့်အပြင် ကျောင်းသားများကိုလည်း မြင်သည်နှင့်မျက်လုံးထဲတွင်ထောင့်မကျိုးလှဟု ထင်မြင်နေတတ်သဖြင့် ကျောင်းသားများနှင့်ပက်ပင်းတိုးတိုင်း ကျောင်းအလုပ်များကိုရှာရှာကြံကြံခိုင်းတတ်သေးသည်။

ထိုမျှမကသေး။ ကျောင်းသားများဟာ လုပ်ပေးရသည့်မတန်အောင် သူ(မ)၏မယုံကြည်သည့်မျက်လုံးကြီးနှင့် စိုက်ကြည့်ခြင်းခံရသေးသည်။ အလွန့်အလွန်ကံဆိုးသူများဆိုလျှင် နာရီဝက်နီးပါးမိန့်ခွန်းခြွေခြင်းကိုခံရသည်။

Mr.Silent (Completed)Where stories live. Discover now