Part-9

3.1K 297 17
                                    

Unicode Version

ကျောင်းပိတ်ရက်မှာလည်း ဆယ်တန်းကျောင်းသားများဟာ အနားယူဖို့ မတွေးရဲအောင်ပင်။ မနက်အစောထ၍ ကျူရှင်ကိုပြေးကြရသေးသည်ဖြစ်ရာ ညီသုတနှင့်အမြွှာနှစ်ယောက်တို့သည် မနက်ခင်းဝေလီဝေလင်းအချိန်မှာပင် အိပ်မှုန်စုန်မွှားရုပ်များဖြင့် လမ်းမပေါ်သို့ရောက်နေရပေပြီ။

စက်ဘီးကိုယ်စီစီး၍ ထွက်လာခဲ့ကြသည်ဖြစ်ရာ အလျင်လိုစရာတော့မရှိပေ။ နံနက်ခင်းလေညင်းကလည်း သင်းနေလေရာ စက်ဘီးကိုအေးအေးလူလူနင်း၍ စကားတပြောပြောဖြင့် အိပ်ချင်စိတ်ကိုဖြေဖျောက်ရသည်။

ဤကဲ့သို့သာယာလှသောမနက်ခင်းလေးတွင် သူတို့သုံးယောက်သည် စာအကြောင်းပြောခြင်းကို တတ်နိုင်သမျှရှောင်သည်။ သူတို့၏ခံယူချက်မှာ ကျောင်းစာကိုကျောင်း၌ထားခဲ့၍ ကျူရှင်စာကိုကျူရှင်၌သာထားပြီး အပြင်သို့ရောက်သည်နှင့် စာလုပ်ချိန်များမှလွဲ၍ အားပါးတရအနားယူကြရန်သာဖြစ်သည်။

"ဒီနေ့ ကျူရှင်ဆင်းရင် New Oceanသွားရအောင်"

စွမ်းထက်ပိုင်ကဦးဆောင်သောစကားဝိုင်းကို ညီသုတကလည်း ဝင်ပြောသည်။

"ဝယ်စရာရှိလို့လား"

"လှည့်ပတ်ကြည့်ကြတာပေါ့။ လိုချင်တာရှိရင် ဝယ်ကြမယ်လေ"

လင်းထက်ပိုင်ကပါ ထောက်ခံနေလေရာ ညီသုတကလည်း အပိုစကားဆိုမနေတော့ပေ။

ယနေ့ကျူရှင်ချိန်များသည် အလွန်ကြောက်စရာကောင်းသည်။ သင်္ချာနှင့်ရူပဗေဒအချိန်သည် ရှေ့ဆင့်နောက်ဆင့်ဖြစ်နေလေ၏။ သင်္ချာဆရာက ဥပမာပုစ္ဆာတစ်ပုဒ်ကိုသာရှင်းပြပြီး ပုံစံတူပုစ္ဆာများကို တစ်ဦးချင်းစီအား ဖြေရှင်းနည်းလိုက်မေးသည်။ သူ အနှစ်ခြိုက်ဆုံး ဖြေရှင်းနည်းကိုပြောပြနိုင်သူအား ကျောက်သင်ပုန်း၌ တွက်ပြစေသည်။ ထို့ကြောင့် ထိုအချိန်တွင် ဦးနှောက်ကိုအလွန်အလုပ်ပေးရသည်။

ရူပဗေဒအချိန်တွင်မူ သင်္ချာအချိန်လောက်မဆိုးဝါးသော်လည်း ရူပဗေဒဆရာမသည် သူ့နည်းသူ့ဟန်ဖြင့် ဒုက္ခပေးတတ်ပြန်သည်။ ဆရာမက ရူပဗေဒပုံသေနည်းများနှင့်တွက်ချက်ပုံများကို ကဗျာလုပ်၍ကျက်ထားစေသဖြင့် ပုစ္ဆာတွက်ရာတွင် အခက်အခဲများစွာမရှိပေ။ သို့သော် သူ(မ)သည် လုံလောက်သည့်ဥပမာပုစ္ဆာများကို ရှင်းပြပြီးစီးသည့်နောက်တွင် မေးခွန်းဟောင်းစာအုပ်ထဲမှသက်ဆိုင်ရာအခန်း၏ ပုစ္ဆာများကို အပုဒ်ရေသုံးဆယ်ကျော်မျှ တွက်ခိုင်းတတ်သည်။

Mr.Silent (Completed)Where stories live. Discover now