Part-19

2.5K 245 26
                                    

Unicode Version

ကာရန်ရှင်းခေါ်လာသည့်နေရာဟာ ဆိတ်ငြိမ်ပြီး အေးချမ်းသည့် မြေကွက်ငယ်လေးတစ်ခုဖြစ်သည်။ လယ်ကွက်များနှင့် လယ်စောင့်တဲများကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်သည့် ဤနေရာတွင် တိတ်ဆိတ်မှုနှင့် ငြိမ်းအေးမှုများသာ လွှမ်းခြုံထားသည်။

​သဘာဝ၏အသံများကို လွတ်လပ်စွာကြားနိုင်ပြီး သဘာဝတရားကို အနီးကပ်မြင်တွေ့ခွင့်လည်းရသည့်နေရာပင်။ သန့်စင်သောလေသည် အေးမြစွာ တိုက်ခတ်နေပြီး သူတို့၏ဆံပင်အနားစလေးများကိုပင် လေထဲ၌ ဝဲပျံနေအောင် လုပ်ဆောင်နေပေသည်။

မြေကွက်ငယ်၏ နောက်ဖေးဘက်တွင် ငုဝါပင်ကြီးတစ်ပင်ရှိပြီး ထိုအပင်အောက်ရှိ မြေကွက်လပ်ငယ်လေး၌ သိသာလှစွာသော အမှတ်အသားတစ်ခုပြုလုပ်ထားသည်။ ကြီးမားသည့်ကျောက်စရစ်ခဲ၏ မျက်နှာပြင်တွင် နေရန်ရှင်းဟူသော နာမည်ကို ပီသစွာ ထွင်းထုထားပုံကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် ကာရန်ရှင်း၏အစ်ကိုဖြစ်သူ လဲလျောင်းရာနယ်မြေဖြစ်ကြောင်း သိနိုင်သည်။

"ကိုကို.. ဒီနှစ်တော့ ကျွန်တော်ရောက်လာခဲ့ပြီ"

ကာရန်ရှင်းသည် ငုဝါပင်ကြီးကို မျက်နှာမူလျက် နီရဲသောမျက်ဝန်းအစုံကို ဖုံးကွယ်ရန် ခဏမျှ မျက်လုံးကိုမှိတ်ချလိုက်သည်။ သို့သော် သူ၏ရည်ရွယ်ချက်မအောင်မြင်ခဲ့ချေ။ အကြောင်းမှာ သူမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် နီရဲသောမျက်ဝန်းများအပြင် ကြည်လဲ့သောအရည်ကြည်များပါ ရစ်သိုင်းနေလေသည်။

ညီသုတသည် ကာရန်ရှင်း၏နံဘေး၌ မတ်တပ်ရပ်နေရင်း သူ၏ပင်ကိုယ်အသိစိတ်ဖြင့် နားလည်လိုက်သည်မှာ ဤအချိန်တွင် သူသည် လယ်ကွင်းပြင်များထဲမှ စာခြောက်ရုပ်လို ပြုမူနေသင့်သည်ဟူ၍ပင်။ သူသည် ညီအစ်ကိုနှစ်ဦး၏အကြောင်းကိစ္စများ၌ ဝင်ပါလိုခြင်းလည်း မရှိ။ အကယ်၍ ကာရန်ရှင်းကထုတ်ပြောလာမည်ဆိုမှသာ သူ၏စိတ်ပါဝင်စားမှုကို ဖွင့်ထုတ်ပြကောင်းပြသမိလိမ့်မည်။

"ပြီးခဲ့တဲ့လေးနှစ်လုံးလုံး ကိုကို့ဆီကို မလာဖြစ်ခဲ့လို့ ကျွန်တော့်ကိုစိတ်ဆိုးနေလား။ ဒီလိုဆိုရင် ကျွန်တော်ကပဲတောင်းပန်ပါတယ်။ ကိုကိုက သဘောထားကြီးတော့ ခွင့်လွှတ်ပေးမယ်မလား"

Mr.Silent (Completed)Where stories live. Discover now