Part-42

2.4K 247 19
                                    

Unicode Version

အခေါက်ခေါက်အခါခါ မလာဖြစ်သော်လည်း စိတ်ထဲတွင် အမြဲတမ်းတမ်းတနေမိသော နေရာလေးဆီသို့ ခြေချမိချိန်တွင် အဝါရောင်နွေးထွေးမှုလေးများက ကာရန်ရှင်းကို ဆီးကြိုသည်။ ငုဝါပန်းများဝေဆာနေသည့် ဤနေရာလေးသည် အဝါရောင်အလှတရားများနှင့် ပြည့်နှက်နေလေသည်။ ပင်ယံထက်တွင် ငုဝါပန်းတချို့ပွင့်နေပြီး တချို့က မြေပြင်ပေါ်သက်ဆင်းကာ အထီးကျန်စွာလဲလျောင်းနေသူတစ်ဦးကို အဖော်ပြုနေသည်။

"ကိုကို.. ကျွန်တော်ရောက်လာပြီ။ မတွေ့ရတာတောင် ကြာသွားပြီပဲ။ ကိုကို့နေရာလေးက ပိုတောင်လှလာသေးတယ်"

ကာရန်ရှင်းသည် ငုဝါပန်းတစ်ဝက် မြက်ပင်ပေါက်တစ်ဝက် ရောနှောပြန့်ကြဲနေသော မြေပြင်ထက်တွင် ခြေပစ်လက်ပစ်ထိုင်ကာ ငုဝါပန်းပင်ကြီးအား ကျောမှီထားလိုက်သည်။

"ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ တကယ်လို့ပေါ့ ကိုကိုသာ အသက်ရှင်နေဦးမယ်ဆိုရင် ဒီနေရာလေးက ကိုကို့ရဲ့ရုပ်အလောင်းရှိတဲ့နေရာမဟုတ်ဘဲ ကိုကိုနဲ့ကိုကိုရဲ့မိသားစုလေး ပျော်ရွှင်ရာနေရာဖြစ်နေမှာနော်။ အဲ့လိုဆိုရင် ကျွန်တော်လည်း ဒီနေရာကိုလာဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ တစ်ပတ်တစ်ခါပဲဖြစ်ဖြစ် ရောက်လာပြီး ကျွန်တော်ရဲ့တူတွေ၊ တူမတွေနဲ့ တွေ့ချင်တွေ့နေမိမှာ"

ရင်ဘတ်ထဲမှနာကျင်မှုဟာ လည်ချောင်းဆီ၌ တစ်ဆို့စေ၍ မျက်လုံးများအား ကျိန်းစပ်လာစေသောအခါ သူ၏ပျော့ညံ့မှုများကို အပြည့်အဝထုတ်မပြချင်တော့သဖြင့် မျက်လုံးများကို အကြမ်းပတမ်းဖိမှိတ်ထားလိုက်တော့သည်။

နာကျင်မှုသည် ဘယ်လမ်းကမှ ပေါက်ကွဲထွက်၍မရသောအခါ ရင်ဘတ်တွင် ပြန်လည်စုစည်းသွားပြီး မူလကထက်ပင် ပို၍ဆိုးဝါးသော အဆမတန်နာကျင်မှုကို ဖြစ်ပေါ်စေသည်။

"အခုရောက်နေတဲ့နေရာမှာရော ကိုကို ပျော်နေလား။ မရီးနဲ့အတူ ကိုကိုပျော်နေပါစေလို့ပဲ ကျွန်တော်ဆုတောင်းပါတယ်"

ကြိတ်မှိတ်ခံစားမှုများအပြီးတွင်တော့ ကာရန်ရှင်းသည် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ မျက်လုံးအိမ်သည် မတိုင်ခင်ကနှင့်မတူတော့ဘဲ သွေးကြောမျှင်နီရဲရဲလေးများ ယှက်ဖြာနေပြီး မျက်ခမ်းစပ်များလည်း နီရဲယောင်ကိုင်းလာသည်။ ထို့နောက် သူသည် အစွမ်းကုန်အားတင်းကာ အပြုံးတစ်ခုကို မျက်နှာထက်၌ဆင်မြန်းရင်း သူ့အစ်ကိုကို ကလေးတစ်ယောက်ဂျီကျနေသလို ပူဆာလေတော့သည်။

Mr.Silent (Completed)Where stories live. Discover now