Part-24

2.4K 234 18
                                    

Unicode Version

ဆယ်တန်းကျောင်းသားများ အကြောက်ရဆုံးနေ့တစ်ဖြစ်လည်း အမျှော်လင့်ရဆုံးနေ့သို့ ရောက်လာခဲ့လေပြီ။ လေထုသည်ပင် တင်းကြပ်ဖွယ်ကောင်းနေပြီး ကျောင်းသားမိဘများလည်း ဖိအားများနေသည့်အနေအထားပင်။

တာဝန်ကျဆရာဆရာမများသည်လည်း ဟိုဟိုသည်သည်သွားလာရင်း အလုပ်ရှုပ်နေကြသလို ကျောင်းသားများသည်လည်း ဖြေဆိုချိန်မတိုင်မီ၌ ဟိုစုစု သည်စုစုလုပ်ကာ စာမေးပွဲမေးခွန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို တိုင်ပင်ဆွေးနွေးနေကြသည်။

ညီသုတို့သည်လည်း ထိုနည်းတူပင်။ အတန်းဖော်နှစ်ယောက်နှင့်အတူ ညီသုတ၊စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်တို့သည် အုပ်စုဖွဲ့၍ထိုင်ကာ ​အခန်းထဲသို့ မဝင်ရသေးသည့်အချိန်အပိုင်းအခြားလေး၌ စာအကြောင်းကို ပြောဆိုနေကြသည်။

"ငါသိသလောက်ကတော့ မြန်မာစာကို ဂုဏ်ထူးထွက်ချင်ရင် စာစီစာကုံးကို သေချာရွေးတတ်မှဖြစ်မယ်။ သဘောတရားအရတော့ စာစီစာကုံးသုံးပုဒ်ပေးထားရင် အဲ့ဒီသုံးပုဒ်ကို အမျိုးအစားခွဲကြည့်လို့ရတယ်။ ပထမက မိမိအကြောင်း။ ဥပမာပြောရရင် အလေးစားရဆုံးပုဂ္ဂိုလ်တို့ အမှတ်တရရှိခဲ့သောနေ့တစ်နေ့တို့လို စာစီစာကုံးမျိုး။ အဲ့ဒါက ပေးထားသမျှထဲမှာ အလွယ်ဆုံးခေါင်းစဥ်ဖြစ်မှာပဲ"

ညီသုတသည် ကာရန်ရှင်းထံမှတစ်ဆင့် သိခဲ့ရသောအကြောင်းအရာများကို သူငယ်ချင်းများအား ဖလှယ်နေ၏။ သူ၏သူငယ်ချင်းများကလည်း စိတ်ဝင်တစားနားထောင်နေသဖြင့် ပြောပြရသည်ကို ပိုတက်ကြွလာသည်။

"ဒုတိယတစ်ခုက လရာသီအကြောင်းမဟုတ်ရင် ဆောင်ပုဒ်တွေပဲ။ ဥပမာ တန်ဆောင်တိုင်ညတစ်ညတို့ စည်းလုံးခြင်းသည်အင်အားတို့လိုခေါင်းစဥ်တွေပေါ့။ အဲ့ဒါကတော့ အလယ်အလတ်ပဲ။ တတိယတစ်ခုက နိုင်ငံနဲ့ချီပြီးအရေးကြီးတာမျိုး။ ဥပမာ လူငယ်နှင့်ပညာရေးတို့ လူငယ်နှင့်အကျင့်စာရိတ္တတို့လိုဟာတွေပေါ့ကွာ။ မြန်မာစာကို ဂုဏ်ထူးရကို ရချင်တာဆိုရင် တတိယခေါင်းစဥ်မျိုးကို ရွေးသင့်တယ်"

Mr.Silent (Completed)Where stories live. Discover now