Part-11

3K 309 19
                                    

Unicode Version

ထူးမခြားနားသည့်နေ့များအထဲမှ သာမန်နေ့တစ်နေ့တွင် ညီသုတသည် တိုက်ဆိုင်မှုပေါင်းများစွာကြောင့် နေရခက်နေရလေသည်။

ယနေ့မှာ ဆယ်တန်းကျောင်းသားများနှင့်ကိုးတန်းကျောင်းသားများ၏ Assemblyစီရမည့်နေ့ဖြစ်လေရာ နံနက်ခင်းကျောင်းတက်ရန်ဆယ်ငါးမိနစ်အလိုကတည်းက သူတို့၏အတန်းပိုင်သည် သူတို့ကိုလူစစ်ကာ နှစ်ယောက်တစ်တွဲတန်းစီစေ၏။

ထို့နောက်တွင် ကွင်းထဲသို့လူစုံတက်စုံချီတက်ကာ ကိုယ့်နေရာနှင့်ကိုယ် နေရာယူကြရသည်။ ညီသုတကသူတို့အခန်း၏လိုင်းတွင် တတိယမြောက်နေရာတွင်နေ၏။ သူ၏အရှေ့တွင် အမြွှာနှစ်ယောက်ကတစ်တွဲဖြစ်ပြီး သူကတော့အခန်းထဲရှိအခြားသူငယ်ချင်းတစ်ယောက်နှင့် အတူတန်းစီ၏။

သူတို့၏အတန်းပိုင်ဆရာမသည် သူတို့အားလုံးနေရာတကျရှိမရှိသေသေချာချာစစ်ဆေးကြည့်ရှုနေသဖြင့် သူတို့အရှေ့ပိုင်းရှိလူအားလုံးစကားပင်မပြောဘဲ ငြိမ်နေကြသည်။ ဆရာမက အခြားလိုင်းဘက်ရှိလူများကိုစစ်ဆေးရန်ထွက်သွားသောအခါ သူတို့အားလုံးမှာတိုင်ပင်မထားပါဘဲ တစ်ပြိုင်တည်းစကားသံထွက်လာသည်။

"သုတ နောက်တစ်ခါကျရင် ဒီကောင်တွေကိုအနောက်ကိုပို့ထား"

အရှေ့မှအမြွှာနှစ်ယောက်ကို အမြင်မကြည်သလိုကြည့်ရင်း ပြောလာသူက ညီသုတ၏ဘေးရှိ သန့်စင်သာဖြစ်၏။

"မင်းကလည်းကွာ..။ အချင်းချင်းကို အခုထိစိတ်တိုနေတုန်းလား။ မိန်းမကြီးကျနေတာပဲ"

သန့်စင်ကမကြာခင်ကချောက်တွန်းခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ အမြွှာနှစ်ယောက်ကို ယခုထိအမြင်မကြည်နိုင်သေးပေ။ ထို့ကြောင့် လင်းထက်ပိုင်က ပြုံးဖြဲဖြဲနှင့် တုံ့ပြန်လေသောအခါမှ သန့်စင်ကပို၍စိတ်ဆိုးသွားလေသည်။

"ငါတကယ်ဆွဲထိုးမှာနော်။ မယုံမရှိနဲ့"

"မင်းတို့ကိုကျောင်းအုပ်ကြီးကလှမ်းကြည့်နေတယ်နော် အေးဆေးနေကြ"

ညီသုတသတိပေးလိုက်သောအချိန်မှသာ ထိုသုံးယောက်ကစကားတွတ်ထိုးနေကြခြင်းကို ရပ်တန့်လိုက်၏။ ကျောင်းသားခေါင်းဆောင်တစ်ယောက် စင်မြင့်ပေါ်သို့တက်သွားပြီးနောက် သူတို့အားလုံးနိုင်ငံတော်သီချင်းစဆိုကြရသည်။

Mr.Silent (Completed)Where stories live. Discover now