"ငါ..ငါကမင်းနဲ့တောင် မထိုက်တန်ပါဘူး ကာရန်ရယ်..။ ငါခံစားခဲ့ရတာတွေကိုပဲကြည့်ပြီး မင်းရဲ့အနာတရဒဏ်ရာတွေကို မြင်အောင်ကြည့်မပေးခဲ့မိဘူး"

နောင်တတရားသည် လူကိုဖိစီးပြီး အပြစ်ရှိစိတ်တို့အား သယ်ဆောင်လာသည်။
ကာရန်ရှင်းသည် သူ့အရှေ့မှာပင် နာကျင်ရကြောင်း တစ်ချက်မညည်းညူဖူးချေ။ ထိုအချက်အတွက်လည်း ညီသုတရှက်မိသည်။ တစ်ဖက်လူသည် သူ့အတွက်နှင့် နှလုံးသားကိုပင်စတေးခဲ့ရသူ မဟုတ်ပါလား။

"ဘာဆက်လုပ်ရတော့မှာလဲ။ အခုအချိန်ကျမှ ငါမင်းကိုနားလည်ပါပြီဆိုပြီး ပြန်ချဥ်းကပ်ပြန်ရင်လည်း သိပ်အပေါစားဆန်နေမှာ။ မင်းကိုတန်ဖိုးမထားရာရောက်နေမှာ"

ရှေ့ဆက်ရမည့်လမ်းတို့သည် ဝေဝါးလွန်းသည်ဟု သူထင်သည်။ မြူဆိုင်းသောလမ်းမထက် စမ်းတဝါးဝါးနင်းဖြတ်နေရသလို မသဲမကွဲ...။

"သားရေ..ရုံးသွားဖို့အချိန်နီးနေပြီနော်။ အခုထိမပြီးသေးဘူးလား။ မနက်စာလေး စားဖို့လည်းအချိန်ချန်ထားဦး"

ရုံးသွားရမည့်အချိန်နီးနေပြီမို့ သူ့အမေကလာရောက်သတိပေးသည်။ သူလည်း မြန်မြန်ထွက်ခဲ့မည်ဖြစ်ကြောင်း ပြန်ဖြေလိုက်ပြီး နာရီလေးကို သေချာသိမ်းဆည်းကာ အုံ့မှိုင်းသောယနေ့ရာသီဥတုနှင့်လိုက်ဖက်စွာ ကိုယ်ရောစိတ်ပါ တိမ်ဖုံးကာ ညှို့မှိုင်းနေရသည်။

မနက်စာစားပြီး ရုံးသို့ထွက်ချိန်မှာပင် ပုံမှန်ထက် ဆယ့်ငါးမိနစ်ခန့်မျှ နောက်ကျနေလေပြီဖြစ်ရာ ယနေ့အဖို့ ရုံးနောက်ကျတော့မည်ဖြစ်ကြောင်း ညီသုတခန့်မှန်းမိသည်။

ခန့်မှန်းထားသည့်အတိုင်းပင် သူသည် ဆယ်မိနစ်နောက်ကျပြီးမှသာ ရုံးကိုရောက်သွားသည်။ သူရောက်သွားချိန်တွင် ကာရန်ရှင်းသည်လည်း ယခုမှဌာနထဲသို့ရောက်ခါစပင်။ သူတို့နှစ်ယောက်သည် ဌာနထဲကို ရှေ့ဆင့်နောက်ဆင့်ရောက်ချလာကြပြီး မျက်နှာချင်းဆိုင်တည့်တိုးလေတော့သည်။

ကာရန်ရှင်းသည် ဌာနထဲမှ တချို့ဝန်ထမ်းများကို စကားပြောရန်ကြံနေစဥ် ညီသုတရောက်ရှိလာမှုကြောင့် ခဏမျှလှုပ်ရှားမှုများ ရပ်တန့်သွားရပြီး ခဏအကြာ၌မူ မဝံ့မရဲမျက်နှာလွှဲကာ ညီသုတအနားမှ ထွက်သွားပေတော့သည်။ ညီသုတလည်း ကာရန်ရှင်း၏ထိုပုံစံကြောင့် စိတ်မကောင်းဖြစ်မိသည်။ အမှန်တကယ်ဆိုလျှင် အရှိန်အဝါများနှင့် တောက်ပနေရမည့်လူက သူ့ကြောင့်နှင့် တောက်ပသင့်သလောက် မတောက်ပနေသလို ခံစားနေရသည်။

Mr.Silent (Completed)Where stories live. Discover now