"ထိုးမယ် ဟုတ်လား။ ဘာနဲ့လဲ။ လက်ညှိုးနဲ့လား ဒါမှမဟုတ် မျက်စောင်းလား"

"ဟားဟားဟား"

ညီသုတက ထိုင်ခုံပေါ်တွင် အနားယူနေရင်းမှ မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လျှောချကာ ဗိုက်နှိပ်၍ပင် အော်ရယ်မိသည်။

"မင်းက ဘာရယ်နေတာလဲ။ ဒီကောင် ငါ့ကိုစော်ကားနေတာလေ။ မင်းလည်းအလိုတူအလိုပါလား"

"မဟုတ်ပါဘူး။ မင်းတို့ရန်ဖြစ်တာ ရယ်နေရလို့"

"မရယ်နဲ့တော့..။ ပြီးတော့ မင်းကိုလည်းပြောဦးမယ်။ ချယ်ရီ့အကြောင်းပါလိုက်တာနဲ့ ဘာလို့ဘုကန့်လန့်တွေပြောနေတာလဲ"

"မင်းကို ဘယ်သူက ငါနဲ့မတည့်တဲ့လူနဲ့ ရည်းစားဖြစ်ခိုင်းလို့လဲ။ အဲ့ဒီကောင်မလေးက ဆယ်တန်းကတည်းက ငါနဲ့မတည့်တာ မင်းလည်းသိသားပဲ"

စွမ်းထက်ပိုင်၏ချစ်သူ ချယ်ရီဆိုသည်မှာ ဆယ်တန်းတုန်းက လင်းထက်ပိုင်ကို စက်ဘီးနှင့်ဝင်တိုက်ခဲ့သော ချယ်ရီလင်းဟူသည့် တစ်ယောက်သာဖြစ်ပေသည်။ သူတို့နှင့် ချယ်ရီလင်းသည် တက္ကသိုလ်ချင်းလည်းတူခဲ့ကြသောကြောင့် အချိန်တွေကြာလာသောအခါ စွမ်းထက်ပိုင်နှင့် ချစ်ကြိုးသွယ်ခဲ့ရခြင်းပင်။

သို့သော် လင်းထက်ပိုင်နှင့် သူ(မ)မှာ ယခုထိတိုင် မပြေလည်ကြသေးပေ။ မုန်းတီးနေသည်မျိုးမဟုတ်သော်လည်း လင်းထက်ပိုင်က သူ(မ)ကို အမြင်မကြည်လင်သဖြင့် စကားအကောင်းမပြောသလို သူ(မ)ကလည်း အမြဲကန့်လန့်တိုက်နေသော လင်းထက်ပိုင်ကို အမြင်ကပ်သည်။

"ကဲ ငါ့သားတို့ ဘာတွေစကားများနေကြတာတုန်း"

ညီသုတ၏အမေသည် ညစာပြင်ဆင်၍ ပြီးစီးသည်နှင့် မီးဖိုချောင်ထဲမှ ထွက်လာကာ ညီသုတို့သုံးယောက်ကို ညစာအဆင်သင့်ဖြစ်ကြောင်း ပြောပြီး သူ(မ)၏ယောကျ်ားကိုခေါ်ရန် အလုပ်ခန်းဆီသို့ သွားရန်ပြင်နေသဖြင့် ညီသုတက သူသွားလိုက်မည်ဖြစ်ကြောင်း ပြောပြီး သူ၏အမေကို အမြွှာနှစ်ယောက်နှင့် ချန်ထားခဲ့လိုက်သည်။

ယခုလက်ရှိအိမ်သည် ယခင်ကနေခဲ့သောအိမ်နှင့် များစွာကွာခြားမှုမရှိ။ အကျယ်အဝန်းအားဖြင့်လည်း တူညီ၏။ သို့သော် လက်ရှိအိမ်သည် အခန်းပိုများ၍ ပိုအဆင်ပြေပေသည်။

Mr.Silent (Completed)Tempat cerita menjadi hidup. Temukan sekarang