အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် အခန်းရှေ့၌ စိုးရိမ်တကြီးဖြစ်နေကြသော အမြွှာနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့၏ပုံစံမှာ ညီသုတတို့အတွက် စိတ်မကောင်းနေဟန်တူ၏။ သို့သော် ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် မကူညီနိုင်သဖြင့် အားနာနေပုံလည်း ရပေ၏။

"အင်း ဘာဖြစ်လို့လဲ"

"မင်းအဖေနဲ့အမေ ပြန်ရောက်လာပြီ သိလား။ ငါတို့အိမ်မှာ အမေနဲ့စကားပြောနေတယ်။ မင်းစိတ်ပူနေမှာစိုးလို့ ငါတို့က လာပြောတာ"

"အေးပါကွာ ကျေးဇူးပဲ"

ညီသုတက အခန်းတံခါးဝမှ ပြန်လှည့်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။ ထိုအခါ အမြွှာနှစ်ယောက်ကလည်း ညီသုတနောက်သို့ လိုက်လာပြီး အခန်းထဲသို့ဝင်ရောက်လာသည်။

သူတို့သုံးယောက်သားလည်း ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်ပြီး တစ်ယောက်ကို တစ်ယောက် စိတ်မသက်သာစွာ ငေးကြည့်မိကြသည်။ စွမ်းထက်ပိုင်သည် ညီသုတ၏ မရွှင်လန်းသောအသွင်အပြင်ကို ကြည့်ရင်း သက်ပြင်းဖွဖွချမိသည်။

"မင်း အဆင်ပြေရဲ့လား"

"ဒီလိုပါပဲကွာ။ နည်းနည်းတော့..စိတ်ညစ်တာပေါ့"

"ကာရန်ရှင်းကိုရော မင်းကိစ္စတွေပြောပြီးပြီလား"

"ဟင့်အင်း..။ ဒီရက်ပိုင်း ငါသိပ်မအားလို့ သူနဲ့အဆက်အသွယ်မလုပ်နိုင်သေးဘူးလို့ ပြောထားတာပဲရှိတာ"

စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်သည် ထိုစကားကိုကြားသော် တစ်ယောက်မျက်နှာကို တစ်ယောက် အကဲခတ်ဟန်ဖြင့် ပြိုင်တူလှည့်ကြည့်ဖြစ်ကြသည်။ သူတို့၏အမူအရာတွင် မချင့်မရဲဖြစ်နေဟန်များက အပြည့်။

"ဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ပါဘူး။ ဒီည ငါတို့နှစ်ယောက် မင်းနဲ့အတူလာအိပ်ပေးမယ်"

"သဘောလေ"

အမြွှာနှစ်ယောက်စလုံးလည်း ညီသုတ၏ဖြစ်အင်ကိုကြည့်ကာ မသနားဘဲ မနေနိုင်။ ထို့ကြောင့် လတ်တလောကမှ သူတို့သိထားသောသတင်းတစ်ခုကို ခဏမျှဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။

Mr.Silent (Completed)Where stories live. Discover now