သူ၏စကားအဆုံးတွင် နားထောင်နေသူအားလုံးမှာ ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။ အမြွှာနှစ်ယောက်ကမူ အလိုမကျဟန်များ ပြည့်နှက်နေလျက် ညီသုတကို ခွန်းတုံ့ပြန်လာကြသည်။

"မြန်မာစာဂုဏ်ထူးရဖို့က တကယ်မလွယ်တာပဲ"

"အင်း"

"ဒါနဲ့ မင်းကဒါတွေဘယ်လိုသိတာလဲ"

"ကာရန်ပြောပြတာလေ"

အမြွှာနှစ်ယောက်က 'ဒါပါပဲကွာ'ဟူသောရုပ်မျိုးလုပ်ပြ၍ ညီသုတကို ပြောင်သည်။ ညီသုတလည်း သူတို့နှစ်ယောက်ကို အဖတ်လုပ်မနေတော့ဘဲ ယခုလေးတင်မှ ကျောင်းထဲသို့ဝင်လာသော ကာရန်ရှင်းကို လှမ်းကြည့်မိသည်။ သူတို့သည် ဇီဝဗေဒတွဲများဖြစ်သည်မို့ ကိုယ့်ကျောင်း၌သာ ပြန်ဖြေရပြီး ဘောဂဗေဒသမားများက အခြားကျောင်းကို သွားရောက်ဖြေဆိုရလေသည်။

ကာရန်ရှင်းရောက်လာသောအခါ သူတို့အနားတွင် ပို၍လူအုံလာသည်။ ထိပ်တန်းကျောင်းသားကို အားကိုးတကြီးမေးခွန်းတချို့လာမေးချင်သူများ ဤမျှများပြားနိုင်မှန်း ညီသုတထင်မထားခဲ့ချေ။ သို့သော် ကာရန်ရှင်းကမူ အာရုံနောက်သည်ဟု တိတ်တိတ်ရေရွတ်နေသဖြင့် သူတို့သိချင်သမျှကို ညီသုတကပင် အစားဝင်မေးပေးရသေးသည်။

ကာရန်ရှင်းဆိုသည်မှာလည်း ညီသုတကလွဲ၊ ဖွဲနှင့်ဆန်ကွဲဖြစ်နေသောလူဖြစ်သည်။ ညီသုတမေးသည့်မေးခွန်းကိုသာ စိတ်ပါလက်ပါဖြေပေးပြီး အခြားလူများကိုမူ လုံးလုံးလျစ်လျူရှုထားလေသည်။ အထာကိုပေါက်သွားသောလူများကလည်း ကာရန်ရှင်းဆီမှ အကြံပေးချက်ကို လိုချင်လျှင် ညီသုတကို ကပ်ဖားရမည်ကို သိသွားကြသည်။

သူတို့အနေနှင့် ယခင်ကလည်း သတိထားမိသော်လည်း ယနေ့မှသေချာသွားသည့်အရာမှာ ညီသုတသည် ကာရန်ရှင်း၏အားနည်းချက်ဖြစ်သည်ကိုပင်။

မြန်မာစာဖြေဆိုရမည့်နေ့က ဤသို့ ဝရုန်းသုန်းကားနှင့်သာ ပြီးဆုံးခဲ့သည်။ အင်္ဂလိပ်ဖြေရမည့်နေ့၌ ညီသုတသည် ကာရန်ရှင်းနှင့်အပြိုင် အေးဆေးတည်ငြိမ်နေခဲ့သည်။ ညီသုတ၏အင်္ဂလိပ်စာစွမ်းရည်သည်လည်း နာမည်ကြီးလေရာ စာမေးပွဲဖြေခါနီးတွင် သိချင်သမျှလာမေးကြသောလူအုပ်ကြီးသည် ညီသုတအနား၌ ပလူပျံနေ၏။ ထိုအနေအထားကို မကျေနပ်သူကတော့ ကာရန်ရှင်း။ သူသည် ညီသုတနှင့် စကားကောင်းကောင်းပင် မပြောရဘဲ နှောင့်ယှက်ခံရသည့်အတွက် မျက်နှာမသာမယာဖြစ်နေခဲ့ရသည်။

Mr.Silent (Completed)Where stories live. Discover now