ထိုစကားများကို နားထောင်နေရသော ညီသုတပင် ရုတ်တရက်ဆို့နင့်မှုကို ခံစားလိုက်ရပြီး ဝမ်းနည်းလာရသည်။ ထို့ကြောင့် ခေါင်းငိုက်စိုက်ချထားရာမှ မော့လာပြီး ငုဝါပင်ကြီးအား ငေးကြည့်နေသော ကာရန်ရှင်းကို ငဲ့ကြည့်လိုက်သည်။

ကာရန်ရှင်း၏ ဘေးတိုက်မျက်နှာအနေအထားသည် လွန်စွာခန့်ညားနေပြီး နေရောင်က သူ့အပေါ်သို့ ဖြာကျနေခြင်းကြောင့် ဆံနွယ်အဖျားများသည် ရွှေရောင်တောက်ကာ လင်းလက်နေသည်။ နေရောင်ခြည်၏ဘောင်ခတ်ထားမှုကြောင့် သူ၏ခန္ဓာကိုယ်ကောက်ကြောင်းများသည်လည်း ပေါ်လွင်သထက်ပေါ်လွင်နေပြီး လှပသေသပ်သည့် အနုပညာဖန်တီးမှုတစ်ခုအလား ရုပ်လုံးကြွနေလေသည်။

တောက်ပမှုများကြားမှ ထိုအလှတရားသည် လူသားမျိုးနွယ်များနှင့် မသက်ဆိုင်သည့် ထာဝရရှင်သန်သူ နတ်ဘုရားအလား တင့်တယ်နေပုံမှာ စာဖွဲ့၍ပင် နှိုင်းမမီ။ သို့သော် ညှိုးငယ်နေသော အမူအရာလေးနှင့် သူ၏ဝမ်းနည်းကြေကွဲမှုကို အတိအလင်းဖော်ပြနေသည့် မှေးစင်းနေပါသော မျက်တောင်ခပ်စိတ်စိတ်၏ လွှမ်းခြုံခြင်းခံထားရသည့် မည်းနက်နက်မျက်ဝန်းများသည် သူ၏ပြီးပြည့်စုံသောနတ်ဘုရားအသွင်ကို ထောက်ပံ့မထားနိုင်ချေ။

"ကျွန်တော်လည်း အခုအဆင်ပြေအောင် ကြိုးစားနေပြီမို့ ကိုကိုလည်း ရောက်ရာအရပ်မှာ အဆင်ပြေနေရမယ်နော်"

အပြုံးတစ်ပွင့်သည် ဝမ်းနည်းမှုကို ပုံဖော်တတ်ကြောင်း ယခင်က ညီသုတမသိခဲ့ပေ။ သို့သော် ကာရန်ရှင်း အားတင်းပြီး ပြုံးနေသည့်အခိုက်အတန့်မှာမူ ညီသုတသည်လည်း အပြုံးတစ်ခု၏နက်နဲသောအဓိပ္ပါယ်မျိုးစုံကို သတိပြုမိလိုက်သည်။

ကာရန်ရှင်း၏ လက်ရှိပုံစံသည် သူ၏ပုံစံအစစ်အမှန်ဖြစ်ပေလိမ့်မည်။ ဤသည်ကို လူအများကြားတွင်မူ အေးတိအေးစက်အမူအရာနှင့် ဖုံးကွယ်ထားပြီး သူ၏ပုံစံအမှန်ကို ပျောက်ကွယ်နေစေသည်။

ကာရန်ရှင်းသည် ငုဝါပင်ကြီးမှ အကြည့်လွှဲလိုက်ပြီး ခေါင်းငိုက်စိုက်ချလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး သူ၏အစ်ကိုနာမည်ကို ထွင်းထုထားသော ကျောက်စရစ်ခဲကို စိုက်ကြည့်နေပြန်သည်။ ရန်ကုန်ရှိရုံးချုပ်၏ သီးသန့်ရုံးခန်းတစ်ခု၌ နေရန်ရှင်းဟူသော Name tagချိတ်ဆွဲထားသည်ကို ကြည့်နေရမည့်အစား ယခုလိုမြင်ကွင်းကိုသာ မြင်နေရသည့်အတွက် ကာရန်ရှင်းမှာ ရင်နင့်နေအောင် ခံစားရသည်။

Mr.Silent (Completed)Where stories live. Discover now