"အဟမ်း... မင်း ဘာစာအုပ်တွေဖတ်နေတာလဲ"

"ဪ... ပီမိုးနင်းရဲ့အောင်စိတ်ဆိုတဲ့စာအုပ်လေ "

" ဘာလို့ အဲ့ဒါမျိုးတွေဖတ်တာလဲ"

"ငါ့အတွက် အသုံးဝင်တာများပါမလားလို့။ ငါ တစ်သက်လုံးတော့ အကြောက်တရားတွေနဲ့နေမသွားချင်ဘူးလေ"

ကာရန်ရှင်း၏ စကားများကြောင့် ညီသုတ ခဏမျှငိုင်သွားရသည်။

"စာအုပ်တွေဖတ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် စာအုပ်ကြီးအတိုင်း လုပ်ရမှာမျိုးလည်း မဟုတ်ဘူးလေ။ မင်းရဲ့ အကြောက်တရားတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းကို သိရင်တော့ ငါ အကြံပေးနိုင်လောက်ပါတယ်"

"အင်း... "

ကာရန်ရှင်း၏အမူအရာတွင် တွန့်ဆုတ်မှုများပါသည်ကို ညီသုတရိပ်မိလိုက်သည်။

" တွေ့လား။ မင်း ကြောက်နေပြန်ပြီ"

" မဟုတ်ပါဘူး"

"ဟုတ်ပါတယ်"

ကာရန်ရှင်းဟာ ညီသုတကို ခွန်းတုံ့ပြန်မနေတော့ဘဲ ထိုင်နေရာမှ မတ်တပ်ထရပ်လာသည်။

"မင်း အအေးသွားဝယ်မှာမလား။ ငါလိုက်ခဲ့မယ်"

"ဘယ်လိုလုပ် သိလဲ"

"ခုနက မင်း ဟိုနှစ်ယောက်ကိုပြောနေတာ ကြားလိုက်တယ်လေ..."

" ဪ.... စကားလမ်းကြောင်း လွှဲတတ်လိုက်ပုံများ...."

ညီသုတက ကာရန်ရှင်းမခံချင်အောင် ပြောနေလေရာ ကာရန်ရှင်းကလည်း စိတ်မရှည်တော့သဖြင့် ညီသုတကို လေးနက်သောအကြည့်တစ်ခုပေးကာ တည်ကြည်သောအသံဖြင့် ပြန်ပြောလိုက်၏။

"ပိတ်ရက်မှာ ငါတို့တွေ့တဲ့အခါကျရင် ပြောပြမယ်။ ဟုတ်ပြီလား"

ထိုအကြည့်နှင့် ထိုအသံဟာ ညီသုတ၏နှလုံးသားကို ကတုန်ကယင်ဖြစ်သွားစေသည်။ ဆောက်တည်ရာမရအောင် လှုပ်ရှားနေသည့် စိတ်အစဉ်ကို ကာရန်ရှင်း မရိပ်မိအောင် ဖုံးကွယ်ရသည်မှာလည်း မလွယ်ကူလှပေ။

"အဟမ်း..."

ချောင်းဟန့်သံတစ်ခုဟာ သူတို့နှစ်ယောက်ကို ၀င်နှောင့်ယှက်လေသည်။ ကာရန်ရှင်းနှင့်ညီသုတတို့မှာလည်း အသံလာရာသို့ လှည့်ကြည့်မိလေရာ အခြားအခန်းမှ မိန်းကလေးတစ်ယောက်က သူတို့နှစ်ယောက်ကို ခပ်ပြုံးပြုံးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

Mr.Silent (Completed)Où les histoires vivent. Découvrez maintenant