နိုင်ငံတော်သီချင်းမှအစ၊ သစ္စာအဓိဋ္ဌာန်အဆုံး အလုံးစုံရွတ်ဆိုကြပြီးနောက်တွင် ကျောင်းအုပ်ဆရာမကြီး၏မိန့်ခွန်းအစီအစဥ်စလေပြီဖြစ်ရာ ယောကျ်ားလေးအများစုက အတတ်နိုင်ဆုံးလျစ်လျူရှုရန်ကြိုးစားကြသည်။ အကြောင်းမှာ သူ(မ)၏မိန့်ခွန်းတွင် ယောကျ်ားမုန်းတီးရေးဝါဒများ ကပ်ပါလာလေ့ရှိသောကြောင့်ဖြစ်သည်။

ညီသုတနှင့်သူငယ်ချင်းတစ်သိုက်ကလည်း ထိုနည်းတူပင်။

"ဆုံးမစကားပြောတာကြာဦးမှာကွ..။ အခုကိုပျင်းလာပြီ"

လင်းထက်ပိုင်က ညည်းညည်းညူညူနှင့်ပြောလာလေရာ စွမ်းထက်ပိုင်ကလည်း သူ၏ပခုံးကိုလှမ်းရိုက်၍ အကြံပေးလာသည်။

"ဒီကနေ ချက်ချင်းထွက်သွားချင်ရင် မူးလဲပြလိုက်လေ။ ဟိုနေ့ကတော့ ကောင်မလေးတစ်ယောက်မူးလဲသွားလို့ Assemblyတောင် ပျက်သွားတယ်ကြားတယ်။ အခုနေ မင်းမူးလဲလိုက်ရင် ကိုးတန်းနဲ့ဆယ်တန်းကျောင်းသားတွေရဲ့ ကယ်တင်ရှင်ဖြစ်သွားမှာ"

"မင်း အရင်လဲကြည့်လေ"

စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်၏ စကားရည်လုပွဲကစတင်လာပြန်လေပြီ။ ညီသုတတို့ကတော့ ကျောင်းအုပ်ကြီးရှေ့တွင် ဝရုန်းသုန်းကားအဖြစ်မခံနိုင်။ ထို့ကြောင့် သူတို့နှစ်ယောက်ကို လျစ်လျူရှုရန်ဆုံးဖြတ်လိုက်ကြသည်။

အမြွှာနှစ်ယောက်ကလည်း လူလည်များသာဖြစ်သဖြင့် အော်ကြီးဟစ်ကျယ်ရန်မဖြစ်ကြပေ။ တစ်ယောက်ကိုတစ်ယောက် ခြေဖြင့်ကန်ကျောက်ကာ အသံတိတ်ရန်ဖြစ်နေကြသည်။

"မင်းတို့နှစ်ကောင်မရပ်သေးဘူးလား"

ညီသုတက​ တားရန်ကြိုးစားသော်လည်း ခြေချော်၍သူ့ဘက်သို့ရောက်လာသောစွမ်းထက်ပိုင်၏ခြေကန်ချက်မိသဖြင့် အသံတိတ်သွားရသည်။ ခြေကန်ချက်ကမပြင်းသော်လည်း အငိုက်မိသွားချိန်မို့ ဟန်ချက်ပျက်သွားသောညီသုတသည် အနောက်ဘက်သို့နောက်ပြန်လဲကျသွားရသည်။

ဟာခနဲဖြစ်သွားသောခံစားချက်က လေဟာနယ်ထဲရောက်သွားသလို ခံစားလိုက်ရပြီးနောက် ညီသုတလည်း သူလဲကျတော့မည်ဟုထင်ထားသော်လည်း နွေးထွေးသောရပ်ဝန်းတစ်ခုက သူ၏ကျောပြင်ကိုထွေးပွေ့လာလေသည်။

Mr.Silent (Completed)Where stories live. Discover now