ထိုအခါမှသာ တစ်လျှောက်လုံး ကာရန်ရှင်းကအခြားလူများထက် သူ့ကိုပို၍သိသိသာသာရှောင်ဖယ်နေရသည့်အကြောင်းအရင်းကို သဘောပေါက်သွားရတော့သည်။

သူ့လိုဆင်းရဲသားနှင့် မပတ်သက်ချင်ခဲ့၍ မာနတစ်ခွဲသားဖြင့်နေခဲ့ခြင်းသာဖြစ်၏။ ဤသည်ကိုမသိဘဲ သူကတော့ ကာရန်ရှင်းကတမင်တကာသူ့ကိုလျစ်လျူရှုကာအာရုံစိုက်နေစေသည်ဟု ထင်မိခဲ့သည်။

"မင်းကိုအဲ့ဒီလိုပြောရအောင် သူကရောဘယ်လောက်ချမ်းသာနေတာမို့လို့လဲ"

လင်းထက်ပိုင်က ကာရန်ရှင်းအကြောင်းစကားဟသည်နှင့် သူ၏ထုံးစံအတိုင်း စိတ်ဆိုးဆိုးဖြင့် အော်ကြီးဟစ်ကျယ်ရေရွတ်လေသည်။

"ငါကြားထားတာကတော့ သူ့အဖေကပြည်တွင်းမှာအရမ်းအောင်မြင်တဲ့စီးပွါးရေးသမားတဲ့။ ပြည်ပကလုပ်ငန်းရှင်တချို့နဲ့တောင် ရင်းနှီးတယ်လို့လည်းပြောကြတာပဲ။ ငါကတော့စိတ်မဝင်စားပါဘူး။ သူ့ဘာသာ ဘာကြီးပဲဖြစ်ဖြစ် ဒီလိုမောက်မာစရာလိုလား"

"ဒီတစ်ခါမှ သူ့ကိုတကယ်ချောင်းရိုက်ချင်သွားပြီ"

အမြွှာနှစ်ယောက်၏မကျေမနပ်ရေရွတ်သံများကိုတော့ ညီသုတဂရုစိုက်မနေတော့ပေ။ လက်ထဲကဘောပင်ကိုဟိုလှည့်သည်လှည့်လုပ်၍ ကစားရင်း စားပွဲပေါ်ရှိစာအုပ်ထဲမှ ပုစ္ဆာကိုဖြေရှင်းရန်နည်းလမ်းစဥ်းစားနေလိုက်သည်။

ဘဝဟာ သင်္ချာပုစ္ဆာများလိုပုံသေနည်းရှိရုံမျှနှင့် ဖြေရှင်းနိုင်လျှင်လည်း အကောင်းသား။ သူအဖို့ ကာရန်ရှင်းဟူသည့်ပုစ္ဆာကတော့ ဖြေရှင်းရန်လည်းမတတ်သာ။ ကြိုးစားကြည့်ရန်လည်း မစွမ်းသာ။ အမှားခြစ်ကာ ချိတ်ပိတ်ထားလိုက်ရမည့် ပုစ္ဆာတစ်မျိုးဖြစ်ပြီး နောက်တစ်ကြိမ်ဖြေရှင်းကြည့်ရန်လည်း မကြိုးစားသင့်တော့သည့်ပုစ္ဆာမျိုးသာ ဖြစ်သည်။ ဤသည်ကို ကျရှုံးခြင်းဟု အမည်တပ်လိုက်ရမည်ထင်ရဲ့။

ကျောခိုင်းပြီးပြေးထွက်သွားတတ်သည့်ကျောပြင်တိုင်းဟာ ဤမျှနာကျင်စရာကောင်းသည့်ပုံရိပ်မျိုးမှန်း ကြိုသိခဲ့ပါလျှင် သူ၏မျက်လုံးများကိုအစကတည်းက ဖွင့်ကြည့်ခဲ့မိမည်မဟုတ်။

Mr.Silent (Completed)Where stories live. Discover now