အခန်း (၃၃)

1.2K 180 224
                                    

Unicode

ကမ်းနားလမ်းမှ ဆိုင်ကိစ္စ ညှိနှိုင်းပြီးနောက် သန်လျင်သို့ မပြန်ချင်တော့ဘဲ စိတ်တွေ လေနေသည်။ မည်မျှပင် ကြိုးစားစေကာမူ နှစ်ဆယ်ကျော် လူငယ်တစ်ယောက်၏ စိတ်မတည်ငြိမ်မှုက ထိန်းကွပ်ရ ခက်ခဲနေသည်။

မှုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်အား ချွန်းအုပ်ရသည့် ဆင်ဦးစီးနှယ် ညီညီ့အတွက် ခက်ခဲသည့် နေ့ရက်များအား ကြိုးစားဖြတ်ကျော်နေရသည်။သွေးမလှူရတာလည်း ကြာပြီမို့ စိတ်ငြိမ်ဖို့ရာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

"အကို သွေးလာလှူတာလား"

သွေးထုတ်ပိုက်တန်းလန်းနှင့် ဘေးချင်းကပ် ကုတင်မှ ဘိုကောင်လေးအား စိတ်ညစ်ညူးစွာ ခေါင်းညိတ်ပြလိုက်သည်။သွေးလှူနေသူအား သွေးလာလှူတာလား မေးခြင်းကတော့ အူကြောင်ကြောင်နိုင်လှ၏။

တစ်ဖက်ကုတင်မှ မိန်းကလေးသုံးယောက်သည် ညီညီ့ကိုကျော်၍ ဘိုကောင်လေးအား ခိုးခိုးကြည့်နေကြသည်။ တွတ်တွတ်ထိုး ပြောဆိုရယ်သွေးနေကြသည်ကို ဘိုကောင်လေးက လက်ပြနှုတ်ဆက်နေသေးသည်။

ကုတ်ထောက်နေသော အဝါရောင်ဆံပင်ကောက်ကလေးများက ဖွထားသယောင် ကြည့်ကောင်းသည်။အသားအရည်နီစပ်စပ်နှင့် နှာဖျားကောက်ကောက်က ဇာတိမြေအား ကိုယ်စားပြုကာ ခပ်ရှည်ရှည်မျက်နှာနှင့် လိုက်ဖက်လှ၏။ခြုံကြည့်လျှင် အတော်ကြည့်ကောင်းသော ယောကျာ်းငယ်တစ်ယောက် ဖြစ်သည့်တိုင် ပြောင်စပ်စပ်မျက်နှာပေးနှင့် ညီညီ့ကို နားငြီးစေသောကြောင့် သိပ်မကြည်ချင်ပေ။

အသံများအား ဥပက္ခာပြုကာ မျက်လုံးကိုမှိတ်၍ စိတ်မကြေချမ်းသမျှ လျှော့ချနေလိုက်သည်။

"အကို ရန်ကုန်ကပဲလား"

စကားပြန်စလာသူအား စူးစိုက်ကြည့်လိုက်သည်။ အလိုက်ကန်းဆိုး မသိတတ်ပုံမှာ အပျိုကြီးအား ယောကျာ်းမရှိဘူးလားဟု မေးသူထက်ပင် ဆိုးနေချေပြီ။

ညီညီခေါင်းညိတ်၍ အဖြေပေးသည်ကိုပင် ဆံပင်ရှည်၊ နှာခေါင်းရှည်၊ အရပ်ရှည်သော ကိုတော်တော်ရှည်က မကျေနပ်နိုင်သေးပေ။

​နေရာခဏလဲချင်သည်Unde poveștirile trăiesc. Descoperă acum