အခန်း( ၃၀)

1.1K 178 77
                                    

Unicode

"ကိုကို့ ဆိုင်ကယ်ရော"

"အုံနာအိမ် ခုနှစ်နာရီ ပြန်ပို့ရတယ်လေ"

ဖက်ကြမ်းဆေးလိပ်တို လက်ကြားညှပ်၍ ပုဆိုးတိုတိုနှင့် ကိုကိုက ပီတာ့ထမင်းချိုင့်ကို ဆောင့်ဆွဲယူသည်။ ဆေးလိပ်ငွေ့လှိုင်လှိုင်အား အနံ့မခံနိုင်၍ ချောင်းဟန့်ပြလိုက်သည်ကို အရေးမစိုက်ဘဲ နောက်တစ်ကြိမ် ထပ်၍ ရှိုက်ထုတ်လိုက်တာကြောင့် ပီတာသာ သည်ဆေးလိပ်ငွေ့များနှင့် ကျင့်သားရအောင် လုပ်ရဦးမည်ဟု တွေးလိုက်မိသည်။

ကောင်းကင်၌ ကြယ်ပွင့်လေးများသည် လမင်းကြီးအားကိုးနှင့် မာန်ဝင့်နေကြ၏။ဆိုင်ကယ်များက စည်းကမ်းမဲ့စွာ ဥဒဟို သွားလာနေဆဲပင်။

မှောင်ရိပ်ခို၍ အရက်ဝိုင်းထိုင်နေကြသည့် လူငယ်တစ်စုကို တွေ့ရ၏။ အိမ်အပြန်နောက်ကျလှသည့် ဝန်ထမ်းမိန်းမပျိုလေးများက ခြေသုတ်တင်၍ လျှောက်နေကြသည်။

လဝန်းတခြမ်းပဲ့ကလေးသည် တစ်နေ့တာ လှုပ်ရှားတတ်ကြွခဲ့ကြသော လောကသားများ၏ အနားယူချိန်အား ချိုမြိန်စွာ စောင့်ကြည့်လျက်ရှိလေသည်။

"ပင်ပန်းလိုက်တာ ကိုကိုရာ ရေပန်းအောက်မှာ အေးအေးဆေးဆေးလေး ထိုင်ပြီး ရေစိမ်ချိုးလိုက်ရရင် ကောင်းမှာပဲ အိမ်ကိုတောင် လွမ်းသလိုလို ဖြစ်လာပြီ"

ကိုကို့လက်မောင်းအား မှီနွဲ့၍ ချိတ်ခိုလိုက်၏။ အလုပ်ကြမ်း လုပ်ရသူ၏ လက်မောင်းသေးသေးလေးမှာ ကြွက်သားတောင့်တင်းမှုက အံ့မခန်းပင်။ တစ်နေကုန်စာ ခိုအောင်းထားသည့် ချွေးနံ့မှာ ကိုယ်သင်းနံ့အဖြစ် တိုးဝှေ့လာသည်။ ကိုကိုက အရင်လို ရုန်းကန်ခြင်း မပြုတော့ပေ။

"သာကူမုန့်ဖက်ထုပ် ပူပူလေး"ဆိုသော စက်ဘီးသည်လေးသည် ပီတာတို့ဘေးမှ အလျင်မြန်စွာ မောင်းနှင်သွား၏။

"အမလေး မုန့်ဖက်ထုပ်သည်ရယ် မြင်းကောင်ရေတစ်သောင်းပါဝါအားနဲ့များ လိုက်ရောင်းနေသလား မသိဘူး၊ အသံကြားလို့ ထွက်လာရင် သူမရှိတော့ဘူး"ဟု ပိုက်ဆံကိုင်၍ ကပိုကရို ထွက်လာသည့် အစ်မက တဗျစ်တောက်တောက် ပြောဆိုကာ အိမ်ထဲလှည့်ပြန်သွားသည်။

​နေရာခဏလဲချင်သည်Where stories live. Discover now