အခန်း(၁၆)

1.6K 224 57
                                    

Unicode

အရှေ့အနောက် မီးပင်လယ်တွေ ဝိုင်းနေ၏။ လောင်မြိုက်နေသည့် အပူက ကိုကို့ခန္ဓာတစ်ခုလုံး ကျွမ်းလုမတက်ပင်။

"ကိုကို မင်း ငါ့လက်ကို ဆွဲလေ"ဆိုသော အမိန့်ဆန်ဆန် အသံကို ကြားရသည်။ တင်းမာနေသည့် အသံက ကိုကို့အား အန္တရာယ်တောမှ လွတ်စေလိုသည့် စေတနာအပြည့် ရှိမှန်း နားလည်နေလျက် ကိုကိုတွန့်ဆုတ်နေမိသည်။

"ကို ကို"တစ်လုံးချင်းဆီ ပီသစွာ ခေါ်သံက ဒေါသရိပ် အပြည့်လွှမ်းနေလေပြီ။ ကမ်းပေးထားသည့် လက်မှာ မီးစွဲစပြုနေ၏။ ကိုကို ကြောက်လန့်တကြား လှမ်းဆွဲသည်နှင့် ညီညီက မီးပင်လယ်ထဲမှ ကိုကို့ကို အားကုန်းတွန်းလွှတ်လိုက်သည်။

"ကိုကိုရယ်..."ဆိုသော ဂရုဏာသံလေး၏ အေးချမ်းသော ရင်ငွေ့အား ကိုကိုအပြည့်အဝ ခံစားလိုက်ရသည်။ကောင်ငယ်လေး၏ အသံဆိုတာ မည်သည့်ကျမ်းမှ ကျိန်ပြစရာမလိုဘဲ အပြည့်အဝ ယုံကြည်မိသည်။ စိတ်အလုံးစုံ ငြိမ်သက်သွား၏။

အသိစိတ်က မီးပင်လယ်မှ ကယ်ခဲ့သူကို သတိရမိသွား၍ ကြောက်လန့်တကြား အော်ခေါ်မိတော့သည်။ "ညီညီ ..."မီးပင်လယ်က အရှိန်ပြင်းစွာ တောက်လောင်လျက်ပင်။ ညီညီ့ကို ကိုကို မတွေ့ရသေး။

"ညီညီ....ညီညီ...."

"ကိုကို ကိုကို နိုးပြီလား၊ ရေသောက်လိုက်ဦး"

ပီတာလင်းကို တွေ့လိုက်ရသည်။ အိပ်မက်ရဲ့ ပူပြင်းမှုကို အခုထိ ခံစားနေရသေးသည်။ အာခေါင်ခြောက်သွေ့မှုနဲ့ တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသလို အထီးကျန်ခံစားမှုက ထပ်တူကျနေသည်။

"ကိုကို မတရားတွေ ဖျားနေတာ သိရဲ့လား၊ ညီညီ...ညီညီပဲ ယောင်နေတယ်"

ကောင်ငယ်လေး၏ ပိုးချည်လို့ အသံပျော့ပျော့လေးကြောင့် ကိုကို့စိတ်တွေ တည်ငြိမ်ဖို့ လမ်းစရှာတွေ့သည့်နှယ်။ အသက်ရှူသံတွေ ပုံမှန် ပြန်ဖြစ်လာကြ၏။

"မင်းက ဘာကိစ္စငိုနေတာလဲ။ ဘယ်သူ့ အသုဘရှိလို့လဲ"

ကောင်ငယ်လေးက ရေစိုဝတ်ကို နဖူးပေါ်တင်ပေးသည်။ အဖျားတိုင်းတဲ့ သာမိုမီတာချောင်းကို ကိုကို့ပါးစပ်ထဲ အတင်း ထိုးထည့်နေပြန်၏။

​နေရာခဏလဲချင်သည်Where stories live. Discover now