BLOFA :: 54 [Unicode]

2.1K 194 8
                                    

Blofa:: [54]

ဆာလောင်မှု.....။

အေးစက်မှု....။

အမှောင်ထု။

နှင်းဖွဲဖွဲကျနေသော အေးစက်လှသော ဆောင်ညတစ်ည...။

တိတ်ဆိတ်မှုအတိနဲ့ လမ်းကြားလေးတစ်ခုထဲ မှောက်ရက်လဲနေသော ကလေးငယ်တစ်ဦး...။

တစ်ဖက် လမ်းမဘက်ကို မျက်နှာလှည့်ထားရင်း သေဆုံးမည့်အချိန်ကို ရေတွက်နေမိခဲ့သည်။ သူ အရာအားလုံးကို ခံစားနေရသေးသည်။ ဆာလောင်မှု၊ အေးစက်မှု နှင့် အမှောင်ထု...။ သေဆုံးဖို့တောင် သည်လောက်ခံစားရပြီးမှ သေဆုံးရမှာလား။ အစက ဝမ်းစာလေးများဖြည့်နိုင်မလား ဆိုတဲ့ ဝိုးတဝါး မျှော်လင့်ချက်နဲ့ သည်နေရာမှာ ခွေးဆွဲဆွဲ သရဲဆွဲဆွဲ လာထိုင်နေခဲ့တာ။ နောက်တော့ ဟာနေသောဝမ်းဗိုက်ကြောင့် တင်းမထားနိုင်တော့ဘဲ အခြားနေရာရွှေ့ဖို့ထလိုက်စဉ်မှာပင် မူးမိုက်သွားကာ မှောက်ရက်လဲတော့သည်။ လက်ညိုးတစ်ချောင်းပင် မ မ နိုင်တော့တဲ့ အခြေအနေမှာ သေဆုံးသွားဖို့သာ သူစောင့်နေခဲ့မိသည်။

လူတွေသေဆုံးတာကို သူအများကြီးမြင်ဖူးသည်။ ပါတ်ဝန်းကျင်က ပူလောင်မှု၊ အေးခဲမှု ဆာလောင်မှု၊ နာကျင်မှု စတဲ့ ခံစားမှုအပေါင်းချုပ်ငြိမ်းသွားသော အနှီ လူသေတို့မှာ အတော်ဟန်ကျသည်ဟုသူထင်ခဲ့ဖူးပါရဲ့။ သို့ပေမယ့် အအေးဒါဏ်ကြောင့် ကိုက်ခဲလာသည့်အဆစ်အမြစ်တွေရယ်၊ အမှောင်ကျသွားလိုက် သတိပြန်ကပ်လိုက်နှင့် မူးချာနေသော ခေါင်းရယ်၊ ကိုယ်တွင်း အင်္ဂါ များပင် မရှိတော့ဟု ထင်ရလောက်အောင် ဟာတာနေသော ဗိုက်ကြောင့် အသက်ထွက်ရတာလည်း တကယ်မလွယ်ကြောင်း သူမှတ်ချက်ချမိသည်။ ဒါပေမယ့် ဒါတွေဟာ သူလူမှန်းသိတတ်စကတည်းက ခံစားနေခဲ့ရတာပုံမှာ သေဆုံးပြီးနောက် သည်ခံစားမှုတွေက မရှိတော့လျှင် သူနေတတ်တော့ပါ့မလား ဟုထင်ရသည်အထိ ...။

သူ့ဆီ ဦးတည်လာသော ပြေးလာသော ခြေသံတစ်ခုကို သူကြားလိုက်ရသည်။ ထို့နောက် သူ့ပုခုံးထောင့်ကို ဖိချေလိုက်သောအလေးချိန်တစ်ခုနှင့်အတူ သူ့အပေါ်မှောက်လျက်လဲကျလှသော ခန္ဓာကိုယ်တစ်ခု။ နာလွန်းလို့ အော်ချင်ပေမယ့် အော်ဖို့တောင်အားမရှိတာမို့ နာကျင်မှုကြောင့် ဟသွားသည့် ပါးစပ်နှင့်သာ အသက်ရှူနေရသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now