ခွဲစိတ်ခန်းအပြင်မှငိုကြွေးနေသံများ၊စိုးရိမ်ပူပန်နေမှုများကို ခွဲစိတ်ခန်းတွင်အသိစိတ်ကင်းမဲ့နေသည့် တေးလိပ်ပြာတစ်ယောက်မသိနိုင်တော့ပေ။နှာခေါင်းတွင်လည်းအောက်စီဂျင်ပိုက်ထိုးထားပြီး Operating theatre၏မီးရောင်အောက်တွင် မေ့ဆေးအရှိန်နှင့်အသိကင်းမဲ့နေသောခန္ဓာကိုယ်ကြီးကို ဆရာ၀န်များက ကတ်ကြေး၊အပ်များ အခြားကိရိယာတန်ဆာပလာများသုံးလျက် ခွဲစိတ်နေကြလေသည်။တေးအသက်ကိုလုနေကြသည့်ဆရာ၀န်များမှာလည်း ချွေးများပင်ပြန်နေတော့သည်။ခွဲစိတ်ချိန်မှာအတော်လေးကြာမြင့်ပြီးမှ ဆရာ၀န်များက တေးကိုစိတ်ချရသည့်အခြေအနေကိုပြန်ရောက်အောင် လုပ်နိုင်သည်။
Theatreထဲကခွဲစိတ်ဆရာ၀န်ထွက်လာသည့်အခါ အပြင်တွင်အသင့်စောင့်နေကြသူများက ဆရာ၀န်ထံဝိုင်းအုံပြီး အကျိုးအကြောင်းမေးကြစဉ် -
"ဆရာ ကျွန်တော့်သမီးလေးအခြေအနေ"
"လူနာက ဓားထိုးမိတဲ့နေရာကအရေးကြီးတဲ့နေရာကိုသွားမထိလို့ ကံကောင်းပါတယ်"
"ကျွန်ဝောာ်တို့အတတ်နိုင်ဆုံးကြိုးစားထားတာမို့ စောင့်ကြည့်ကြတာပေါ့"
"အသက်အန္တရာယ်တော့ကျော်ခဲ့ပါပြီ"
"ခဏနေ အခန်းထဲကိုရွေ့ပါလိမ့်မယ်"
"ကျေးဇူးပါဆရာ ကျွန်မသမီးလေးကိုကယ်ခဲ့လို့ ကျေးဇူးပါဆရာရယ်"
"မလိုပါဘူးဗျာ ကျွန်တော်တို့ကလူနာတွေအပေါ်မှာအတတ်နိုင်ဆုံးကုသပေးရမှာ ကျွန်တော်တို့အလုပ်ပါ"
အသက်အန္တရာယ်လွတ်ကင်းသည်ဟူသောအသံကြားမှသာ မိဘနှစ်ပါးနှင့်အတူ သိမ်မွေ့တို့ပါ သက်ပြင်းချနိုင်သည်။ထို့နောက်တာ၀န်ကျရဲအရာရှိရောက်လာကာလိုအပ်သည်များမေးမြန်းနေ၍ သိမ်မွေ့တို့နှင့်ဦးထင်လင်းအောင်၊ဒေါ်ပပ၀င်းတို့ဖြေကြားရသည်။
သိမ်မွေ့တို့မှာပွဲမှထလိုက်လာ၍ ဦးထင်လင်းအောင်ကပြန်လွှတ်လိုက်ပြီး ဒေါ်ပပ၀င်းနှင့်နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။ဆေးရုံအခန်းသို့ တေးကိုပြောင်းသည့်အခါ မိခင်မှာ သမီး၏သတိမဲ့နေသောပုံစံကိုမြင်၍ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပြီး သမီးနဖူးလေးကိုကိုင်လိုက် လက်လေးကိုင်လိုက်နှင့် ငိုနေသည်။ဦးထင်လင်းအောင်သည်လည်း စိတ်ထိခိုက်နေပုံဖြင့် ဇနီးဟောင်းကိုပုခုံးလေးပုတ်ကာပုတ်ကာဖြင့်အငိုတိတ်ရန်ချော့မော့နေရသည်။တေးတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျခဲ့သည့်နေ့ဟုပြောလျှင်လည်းမမှားတော့ပါ။
![](https://img.wattpad.com/cover/314499154-288-k622838.jpg)