Episode - 15(Unicode)

5.3K 459 36
                                    

စိတ်ကူးနှင့်လက်တွေ့မကျနိုင်သောလောကကြီးတွင်တစ်ခါတစ်ရံ‌မမျှော်လင့်ပဲ လွဲတတ်ကြသကဲ့သို့ မျှော်လင့်ရင်းလည်းလွဲတတ်ကြပြန်သည်။တေးလိပ်ပြာအတွက်မှာကား မမျှော်လင့်ပဲလွဲခဲ့ရပြန်သည်။အလွဲကောင်းတော့မဟုတ်သည်ကသေချာနေပါသည်။တေး၏ပထမဆုံးချစ်ရေးဆိုခြင်းကိုထိုအမျိုးသမီးက အတိအလင်းငြင်းချက်ထုတ်ခဲ့၍ တေးအတွက်အယူခံတောင်၀င်ခွင့်မရတော့ပေ။စိတ်ပျက်လက်ပျက်နှင့်ကျောင်းတက်နေရသည့်နေ့များမှာအရင်လို စိတ်လှုပ်ရှားစရာမကောင်းပဲ စိတ်ညစ်စရာတစ်ခုလိုသာဖြစ်တော့သည်။အတန်းထဲရောက်၍ ထိုအမျိုးသမီးကိုတွေ့ရသည့်အခါ တေး၏အနာဟောင်းမှာအသစ်ပြန်ဖြစ်နေသလို တေးမျက်နှာကိုအတန်း၀င်တိုင်းမြင်နေရသည့်သူမအဖို့လည်း ရှောင်လွဲရခက်မလွဲရခက်ဖြစ်နေပြန်သည်။ဤအခြေအနေတစ်ရပ်အား စကားရပ်တစ်ခုဖြင့်ဖော်ပြရပါလျှင် ဆုပ်လည်းဆူးမှာ စားလည်းရူးမှာဟုပင်ပြောရပေမည်။

           တေးတို့အတန်းကိုမိမိအချိန်ရောက်၍ အားတင်းပြီးစာသင်ရင်းပြန်ထွက်လာလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးအားများယုတ်လျော့သွားသကဲ့သို့ခံစားရသည်။ထိုကလေးမညှိုးငယ်သောအကြည့်တို့ဖြင့်မိမိကိုစိုက်ကြည့်လိုက်တိုင်း ရင်ထဲမကောင်းလှ။မိမိကိုယ်၌လည်း ဤချစ်ခြင်းကိုလက်ခံနိုင်သေးသည့်အနေအထားတွင်မရှိသဖြင့် ငြင်းထားပြီးသားအရှိန်ဖြင့် မသိချင်‌ယောင်ဆောင်နေလိုက်သည်။လူငယ်များသည် ဖြစ်လွယ်လွယ် ပျက်လွယ်လွယ်များဟုသာယူဆထား၍ အချိန်တစ်ခုရောက်လျှင် တေးတည်ငြိမ်သွားမည်ဟုအတွေးရောက်သည်။ခဏတာခံစားမှုတွင်တေးရောမိမိပါမျောမပါသင့်။မိမိသည်ဆရာမတစ်ယောက်ဖြစ်လာသည်နှင့်အလျောက် စောင့်ထိန်းရမည့်စည်းကမ်းဥပဒေများက ပုခုံးနှစ်ဖက်ပေါ်အလိုလိုရောက်လာပြီးသားဖြစ်သည်။မိမိကဲ့သို့တွဲဖက်ပါမောက္ခတွင် ယခုလိုမူမမှန်သည့်အချစ်ရေးရှိနေသည်ဟုသာ အခြားဆရာမများသိသွားပါက ဝေဖန်ကဲ့ရဲ့ကြမည့်နောက်ဆက်တွဲဆိုးကျိုးကရှိသည်။

       ငယ်သူ့အချစ်ကပင်ပန်းဆင်းရဲသကဲ့သို့ ကြီးသူအတွက်လည်းငဲ့စရာများလှသည့်ဒီဇာတ်လမ်းတွင် ရင်နာစရာအတိဖြစ်နေတော့သည်။မြင်နေသော်လည်းမကြင်ရသည့်တေးမှာ နေ့ဆက်ရက်ဆက် ချစ်ရသူကိုကြည့်ရင်း စိတ်နှလုံးနာကျင်ပင်ပန်းနေရတော့သည်။သူမသည်လည်း တေးကိုစိတ်မဆင်းရဲစေချင်သော်ငြား ‌တေးလိုချင်သည့်အရာကိုလည်း မပေးနိုင်၍ စိတ်မကောင်းလျက်နှင့်ပင် မျက်နှာလွှဲနေခဲ့သည်။တေးတို့နှစ်ဦးဖြစ်ပျက်နေသည်ကို ဘေးကမြင်နေရသော နေနေတို့အုပ်စုလည်း ဒေါ်ရည်မွန်ကိုမေးပြီး၍အကြောင်းရင်းကိုသိသော်ငြား ယခုအခါ၀င်ရောက်ကူညီနိုင်ခြင်းမရှိပေ။ကျဉ်းထဲကြပ်ထဲတွင်ရောက်နေသောတေးမှာ နောက်ဆုံးမနေနိုင်သည့်အဆုံး တစ်ခုသောပိတ်ရက် နေ့လည်ခင်းတွင် သူမထံသို့သွားခဲ့သည်။

The sign of heart(Completed)Место, где живут истории. Откройте их для себя