Episode - 19(Unicode)

5.5K 487 86
                                    

      ချစ်ခြင်း၌အပြစ်မရှိသော်လည်း လူ့အမြင်၌အစွန်းအထင်းသဖွယ်ဖြစ်သည်။လူနှစ်ယောက်၏ချစ်ခြင်းသာဖြစ်သော်လည်း လောကသဘာ၀ လူ့သဘောကိုဆန့်ကျင်နေသည့်အတွက် လက်ခံနိုင်ရန်ခက်ခဲလွန်းသည်။မည်သည့်အောင်မြင်မှုတွင်မဆို အခက်အခဲရှိသည်။အခက်အခဲကိုလွန်မြောက်မှ အောင်မြင်မှုရလိမ့်မည်။စီးပွားရေး၊လူမှုရေး၊အချစ်ရေး၊ကျန်းမာရေး မည်သည့်အရေး၌ပင်ဖြစ်စေ ခက်ခဲပင်ပန်းသောအချိန်များမှာရှိစမြဲပင်။တေးကိုချစ်သူအဖြစ်ထည့်သွင်းစဉ်းစားရမည့် ဒေါ်ကြာညိုဘက်တွင်လည်း လက်ခံလိုက်မည်ဆိုပါက ပျက်ဆီးဆုံးရှုံးရမည့်အရာများကရှိနေ၍ အတော်ပင်ဘေးကြပ်နံကြပ်ဖြစ်နေရှာသည်။တေးသည်လည်း အဆုံးထိတွက်ကာ သူမအပေါ်ချစ်ခြင်းမေတ္တာ၏အတိမ်အနက်ကိုချပြနေသော်လည်း ကမ်းမမြင်လမ်းမမြင်နှင့်ဇာတ်သိမ်းရတော့မည်ကို သိနေခဲ့ရာ အချစ်ဟူသည်ကား ထိုသူ‌နှစ်ဦးအတွက် ရင်နင့်ဖွယ်အကြောင်းအရာတစ်ခုဖြစ်နေသည်။

        နှစ်လပြည့်ရန်ရက်အနည်းအကျဉ်းမျှသာလိုဝောာ့သည်။ရက်အနည်းငယ်အတွင်းတွင်သာ တေးသူမအနားတွင်နေခွင့်ရတော့မည်။အစစအရာရာပြည့်စုံနေခဲ့သောသူမဘ၀တွင် တေးသည်ခေတ္တခဏကြုံကြိုက်ခဲ့သည့် ခရီးသွားတစ်ဦးဖြစ်ကောင်းဖြစ်လိမ့်မည်။သို့သော် တေးပေးခဲ့သည့်အချစ်ဦးဆိုသည့် အမည်နာမတစ်ခုကိုတော့ ဒေါ်ကြာညိုအပိုင်ရခဲ့ပါသည်။အသက်အရွယ်အလွန်ကွာဟလွန်း၍ တေးမှာ ရူးမတတ်ချစ်ရသကဲ့သို့ ဒေါ်ကြာညိုအနေဖြင့်လည်း ပြောခွင့်ရှိသော်လည်းပြောဖို့မသင့်ဟူသောအကြောင်းပြချက်ဖြင့် အကြင်နာတရားကိုမျက်ကွယ်ပြု နှလုံးသားကိုအရူးလုပ်ခဲ့သည်။အဆုံးသတ်ချိန်တန်လာခဲ့သော ဤဇာတ်လမ်းတွင် မည်သူကနိုင်မည်နည်း......။

           တေးတို့အဖွဲ့နေ့လည်စာစားနေချိန်တွင်ဖြစ်သည်။ယခုအခါတွင်ကား ကန်တင်း၌မဟုတ်ပဲ ကျောင်းတွင်းမှ ဘေးမဲ့ငါးလွှတ်ကန်‌ဘေးက တမာရိပ်တွင် လေးယောက်သား ဖိနပ်ဖင်ခုထိုင်လျက် စိမ်ပြေနပြေထမင်းစားနေကြသည်။တမာရိပ်အောက်တွင် စားရင်းသောက်ရင်း သိမ်မွေ့ကသူရခဲ့သောသတင်းတစ်ချို့အား ဝေမျှလေသည်။

The sign of heart(Completed)Unde poveștirile trăiesc. Descoperă acum