Part 19 (Uni)

2.6K 287 0
                                    

အပိုင်း ၁၉

"အာ မျက်နှာကြီးတွေကလဲ ဘာဖြစ်သွားကြတာလဲ မာယာကရယ်ရအောင်စတာပါ ငါ့မှာဦးဟန်လင်းဆိုတဲ့ ဖေဖေတစ်ယောက်ပဲရှိတာ သိသားနဲ့"

မာယာပြောနေပုံက မချိုမချဉ်။ မယုံလိုက်ရအောင်ကလည်း ရှေ့ကစကားတွေကအတည်ပုံစံတွေ။ မျက်နှာကိုကြည့်မိပြန်တော့ ယုံချင်စရာကရှိမနေပြန်။ ငါးနှစ်ကျော်အတွင်း ဟန်ဆောင်ခြင်းအတတ်ပညာဟာ ပိုလို့ပီပြင်လာသည်။

မာယာက တကယ်ဆိုမင်းသမီးလုပ်စားရမှာ။
သိပ်ကိုသရုပ်ဆောင်တတ်တာပဲ။

"နားတော့မလားလှိုင်း ဘွားကခေါ်ထားသေးတယ်ဆို"

"အင်းနားမယ် ရာသန့်နောက်နေ့မှ စကားပြောကြမယ်လေ "

"အင်း‌‌နောက်နေ့မှပေါ့"

လှိုင်းကအရင်ဦးဆောင်၍ ထွက်လာသောအခါ နောက်တွင် ရာဦးသန့်နှင့်မာယာတို့က ဖြေးဖြေးချင်းလိုက်လာကြသည်။ နောက်ကျောဘက်ဆီမှ မာယာ့ရယ်သံများကို တစ်ချက်တစ်ချက်ကြားရသည်။ လှိုင်းဘွဲ့မနေနိုင်စွာ နောက်သို့လှည့်ကြည့်မိလျှင် မာယာမျက်ဝန်းများကလှိုင်းထံ၌ရှိနေပြီး ရီနေသောမာယာ့ကိုတော့ ရာဦးသန့်ကငေးလို့နေသည်ကိုတွေ့ရသည်။လှိုင်းဘွဲ့ချက်ချင်းပင်ရှေ့သို့ပြန်လှည့်လိုက်သည်။ မြင်ကွင်းကနှစ်ခါပြန်ကြည့်ချင်စရာရှိမနေ။

လှိုင်းအခန်းထဲရောက်ချိန်ထိ တံခါးဝနားတွင်မာယာနှင့် ရာသန့်က စကားစမပြတ်သေး။

ရာဦးသန့်က အရပ်လည်းရှည်လာကာ အသားနည်းနည်းညိုသွားတာကြောင့်လားမသိ။ နဂိုမျက်နှာချိုချိုမှာ အကြည့်ခံသောညိုစိမ့်အဖြစ်သို့ပြောင်းသွားပြီး ယောကျာ်းပီသလာသည်။ ဝတ်ပုံစားပုံမှာ သပ်ရပ်ကာ ခေါင်းတညိမ့်ညိမ့်ဖြင့် မာယာပြောသမျှလိုက်လျောပေးချင်နေသည့် ပုတ်သင်ညိုတစ်ကောင်နှင့်တူသည်။

"ဒါဆိုကိုကိုသွားတော့မယ် Goodnight မာယာ"

"ဂွတ်နိုက် ကိုကို "

ကိုကိုဆိုသော စကားလုံးသည် လှိုင်းနားထဲသို့ ကန့်လန့်ဝင်လာသည်။ လှိုင်းတို့နှင့် ရာသန့်ကအသက်သိပ်မကွာကြ။ တစ်ခါတစ်ရံ ရာသန့်က သူကိုယ်သူကိုကိုဟုသုံးတတ်သော်လည်း ရံဖန်ရံခါ။ တကယ်ကို ရံဖန်ရံခါမှသုံးနှုန်းခြင်းသာ။

MAYA (မာယာ)Where stories live. Discover now