Part 10 (Uni)

2.7K 310 3
                                    

အသက်မဲ့နေသော မျက်ဝန်းပြာများသည်ငိုထားသဖြင့် ကျိန်းစပ်ကာ ဖောင်းအိနေသော်လည်း သူရဲ့ပျောက်ဆုံးနေတဲ့စိတ်ကို အိပ်ချင်စိတ်ကအနိုင်မယူနိုင်‌သေး။ ညသည် နက်သထက်နက်လို့လာ၏။ အပြင်မှ‌စေ့ပိတ်ထားသော အခန်းတံခါးသည် သူ့အားဘာမှပေးမသိစေ။

အခန်းကျယ်ကြီးသည် ညနေထဲကမီးမထွန်းထားသည့်အတိုင်း မှောင်မည်းကာ တိတ်ဆိတ်နေ၏။ မီးထဖွင့်လို့လည်းသူမ စိတ်ကူးမရှိ။ မနက်ဖြန်မှာဘာတွေဆက်ဖြစ်လာမလဲ။ မတွေးချင်ဘူး၊မသိချင်တော့ဘူး။ မာယာနားချင်နေပြီ။

ဒီတိုင်းဒီတိုင်းပဲ...သူမ ပျောက်ကွယ်သွားလိုက်ရင်ကောင်းမလား။

သူမကို အိမ်ပေါ်ကနေနှင်ချမလား မာယာမသိ။
ဒါမှမဟုတ် ဘွားဘွားကနောက်တစ်ခါ ပညာပြချင်သေး၍ ဆက်နေခွင့်ပြုထားမလားလဲ မာယာမသိ။
အကယ်၍နှင်ချခဲ့လျှင်တောင် သွားစရာနယ်မြေမရှိ။သူမဘဝ၏တစ်ဦးတည်းသော သွေးသားရင်းချာဖေဖေသည်လည်း မရှိတော့ပြီလေ။

တံခါးဖွင့်သံကြောင့် မာယာတစ်ချက်လှုပ်ရှားသွားသည့်တိုင် လှည့်မကြည့်ဖြစ်။ အပြင်မှလမင်းကြီးသည် မှောင်မိုက်နေသည်။ သည်နေ့ညသည် လကွယ်ညများလား။

လှိုင်းဘွဲ့အခန်းထဲသို့ပြန်ရောက်ချိန်တွင် ည၁၀နာရီကျော်နေပြီဖြစ်သည်။ ပုံမှန်ဆို ညကိုးနာရီခွဲသည်နှင့် အိပ်တတ်သောမာယာသည် ဒူးနှစ်ဖက်ကိုပွေ့ပိုက်၍ မေးတင်ကာ အမှောင်ထဲရှိနံရံအား စူးစိုက်ကြည့်ကာ ငြိမ်သက်လို့နေသည်။

မာယာငယ်ငယ်ကအသုံးပြုခဲ့သော လွယ်အိတ်လေးအား ယခင်ဗီရိုလက်ကိုင်တွင်ပင် နေရာတကျပြန်သွားချိတ်ပေးထားလိုက်သည်။

ပြီးမှ သူမာယာနံဘေးနားသွား၍ ဒူးထောက်ထိုင်ချလိုက်ကာ လက်နှစ်ဖက်အားနူးညံ့စွာ ဆွဲကိုင်ဆုပ်ယူလိုက်သည်။မာယာသည် သူ့အားကြည့်မနေ။ နံရံ၌သာ အကြည့်တို့ကိုစတည်းချထားသည်။

'မာယာ....'

လှိုင်းဘွဲ့အသံသည် နှစ်ကိုယ်စာကြားနိုင်ရုံသာ တိုးဖွဖွလေးဖြစ်သည်။ ကြားပေသည့် မာယာသည်သူ့ကိုမကြည့်ပြန်။

MAYA (မာယာ)Where stories live. Discover now