Part 13 (Uni)

2.6K 282 3
                                    


ပိုးသဒ္ဓါတို့အိမ်သည် ဘွဲ့အိမ်တော်လောက် ခြံဝင်းမကြီးမားမကျယ်ပြန့်သော်လည်း အတော်လေးတော့ခမ်းနားသည်။ ထူးဆန်းသည်က တိုက်အောက်ထပ်အားအပြာရင့်ရောင်ဆေးဆိုးထားကာ အပေါ်ထပ်ကိုအပြာနုရောင်ဆိုးထားခြင်းဖြစ်သည်။ ထိုကဲ့သို့ဆေးသုတ်ထားသောအိမ်မျိုးကို မာယာမမြင်ဖူးပါချေ။ ခြံရှေ့ရောက်ချိန်တွင် ပိုးက ကားပေါ်မှကိုယ်တိုင်ဆင်းကာ ခြံတံခါးကိုဖွင့်သည်။ ပြီးမှကားပေါ်ပြန်တက်ကာ ခြံဝင်းအတွင်းသို့မောင်းဝင်သည်။

ခြံဝင်းထဲ၌ သူဌေးအိမ်တော်တော်များများတွင် တွေ့ရလေ့ရှိသော ရေကူးကန်ကြီးများ၊ အလှစိုက်ပန်းပင်များ ဘာဆိုဘာမှမတွေ့ရ။ ဒီတိုင်းပြောင်ရှင်းနေကာ ဟင်းလင်းကြီးဖြစ်နေသည်။ ပိုးတို့အိမ်က ပိုးလိုပဲရိုးရှင်းလွန်းသည်ဟု မာယာသတ်မှတ်လိုက်သည်။

ကားစက်သတ်ကာ ပိုးဆင်းသွားသည်အထိ တစ်ဖက်ခုံမှမာယာ မလှုပ်မယှက်ထိုင်နေမိသည်။ မာယာလိုက်ဝင်သွားလို့ရောကောင်းပါ့မလား။ အမှန်တိုင်းပြောရလျှင် ပိုးသဒ္ဓါ ဆိုသည့်သူမအကြောင်း မာယာစေစေစပ်စပ်ဘာမျှသိထားသည်မရှိ။ မာယာအကြောင်းနှင့် မာယာပဲမို့ ပိုးအကြောင်းစိတ်ဝင်တစားမစပ်စုခဲ့တာလည်းပါသည်။ တစ်လအတွင်း ရင်းနှီးမှုရှိခဲ့ပါသော်လည်း မာယာအတွက် ခင်မင်မှုမပါခဲ့ဟန်။

'မာယာ ဆင်းလေ'

ပိုးကသူမဘက်မှ တံခါးအားဖွင့်ပေးကာ ပြောလာမှ မာယာအတွေးတို့ကိုရုတ်သိမ်းလိုက်ကာ ကားပေါ်မှဆင်းလိုက်သည်။ မဟုတ်လဲပြန်စရာနေရာမှမရှိဘဲ။

အိမ်အတွင်းသို့ဝင်ဝင်လိုက်ခြင်းတွင် မျက်စိပဒေသဖြစ်စရာ စန္ဒယားကြီးအား ခန့်ထည်လှပစွာမာယာတွေ့ရသည်။ ဘွဲ့အိမ်တော်နှင့်အတော်ခြားနားသည်က လူဦးရေဟုပင်ပြောရမည်။ ဘွဲ့အိမ်တော်သို့ဝင်လိုက်သည်နှင့် မိသားစုဝင်များ၊ အလုပ်သမားများဖြင့် လည်ပတ်နေမှုကို မတွေ့ချင်မှအဆုံးမြင်ရလိမ့်မည်။ သို့သော် ပိုးတို့အိမ်တွင်တော့ ဆန့်ကျင်ဘက် လူတစ်ဦးတစ်ယောက်ကိုမှပင်မတွေ့ရ။

'တစ်ယောက်ထဲနေတာလား'

'မဟုတ်ဘူး ဒယ်ဒီနဲ့နေတာမာယာ သားအဖနှစ်ယောက်ပေါ့ ဒယ်ဒီကအခုချိန်ဆိုရင်တော့ နားရင်နားလောက်ပြီ မာယာတွေ့ချင်ရင်မိတ်ဆက်ပေးမယ်'

MAYA (မာယာ)Dove le storie prendono vita. Scoprilo ora