Part 3 (Uni)

3.5K 341 1
                                    

'အရုပ်မလာအုံး'

လှိုင်းဘွဲ့သူ့အဝတ်ဗီရိုရှေ့တွင် ရပ်ကာ မာယာ့အားခေါ်လိုက်တော့ မျက်ဆံပြာပြာလေးတွေကို ပြူးနေအောင်ကြည့်လာကာ သူခေါ်သောနာမကို မကြိုက်ဟန်ပြသည်။ သို့သော် ထိုင်နေရာမှတော့ထလာသည်။

'ရော့ ဒါနင့်ကိုပေးမယ်'

ဂါဝန်အပြာလေးသည် ခါးဆက်နေရာမှပြဲနေသဖြင့် အထဲမှဗိုက်သားပူပူလေးကို မြင်နေရလေသည်။ လှိုင်းဘွဲ့ပေးလိုက်သော အဝါရောင်ဂါဝန်လေးကို ကိုင်ကြည့်နေသူက...

'မာယာက အပြာရောင်ပဲလိုချင်တာ'

ပေးတာကိုမယူဘဲ ဂျေးများနေသူအား လှိုင်းဘွဲ့မျက်ခုံးတို့ကိုစုကြုံ့ကာ ကြည့်လိုက်သည်။ ထို့နောက် ဗီရိုထဲခေါင်းဝင်ကာ အပြာရောင်အားရှာဖွေလိုက်သည်။ တွေ့သမျှအပြာရောင် အဝတ်များအားအကုန်ဆွဲထုတ်လိုက်တော့ မာယာဆိုသော ကောင်မလေးက မျက်လုံးများကိုပြူးကာ ပါးစပ်ကိုလက်ဖြင့်အုပ်ရင်း ဆိုသည်။

'ဒါတွေအကုန် မာယာ့ကိုပေးမှာလားဟင်'

'ဘာလို့ပေးရမှာလဲ မပေးပါဘူး တစ်ထည်ပဲပေးမှာပေါ့'

'ဪ....'

သံရှည်ဆွဲကာဆိုနေသူက အခုကျလူကြီးပေါက်စလေးလိုပင်။

'ငါကြိုက်တာရွေးရမှာလား'

'မဟုတ်ဘူး ငါရွေးပေးတာပဲယူရမှာ'

မာယာသည် သူ့ကိုမကြည့်။ မျက်စိရှေ့မှအဝတ်ပုံကိုသာ စိတ်ဝင်တစား ကြည့်နေရာမှ အပြာနုနှင့်အဖြူရောင်အကွက်စိတ်လေးများပါသော ကြိုးသိုင်းဂါဝန်လေးကိုမြင်တော့မှ သူ့ထံမျက်လုံးရောက်လာသည်။

ငယ်သော်လည်း ညဏ်ကောင်းသူပီပီ မာယာကထိုအင်္ကျီကိုကြိုက်နေမှန်း လှိုင်းဘွဲ့သိလိုက်သည်။ ထို့ကြောင့် ထိုဂါဝန်ဘေးမှအခြားတစ်ထည်ကို မာယာ့အားလှမ်းပေးလိုက်တော့သည်။

'ရော့ ဒါယူ'

'ဒါလေးယူလို့မရဘူးလား'

သူခန့်မှန်းသည့်အတိုင်း မာယာက ကြိုးသိုင်းဂါဝန်လေးကို လက်ညိုးထိုးကာပြောလာသည်။

'မရဘူးအဲ့တာက ငါ့အကြိုက်ဆုံး ဒါပဲယူ'

လှိုင်းဘွဲ့ပြောပြီးသည်နှင့် ထုတ်ထားသောအဝတ်များအား ဗီရိုထဲစုကာလုံးထည့်ပြီး ဗီရိုအားပိတ်လိုက်သည်။

MAYA (မာယာ)Where stories live. Discover now