" အင်း ထမင်းဝိုင်းပြင်ပေးထားတာ ကျေးဇူးနော် "

ဂျောင်ဂု ထိုမျှသာပြောပြီး သူ့ဘာသာသူ ဟင်းတွေထည့်စားနေသည်။ စကားပြတ်လွန်းသလို ထယ်ယောင်း ပန်းကန်ထဲ ဟင်းထည့်ပေးနေကျ လက်တစ်စုံကလည်း သူ့ဘာသာသူ ထည့်စားရင်း လက်တောင်လည်ပုံမရ။ ဂျောင်ဂု တကယ်ပဲ ထယ်ယောင်းအပေါ် လျစ်လျူရှုတတ်ခဲ့ပြီ။

ဂျောင်ဂု မင်းငါ့ကို တကယ်ပဲ စိတ်ပြတ်သားနိုင်ပြီပေါ့လေ။ ငါ့ကို ဂရုစိုက်ရလို့ အရမ်းပင်ပန်းသွားခဲ့ပြီ ထင်တယ်။ ငါမင်းကို ပြန်မချစ်တာနဲ့ပဲ ငါ့ကို ပစ်ထားရက်ပြီပေါ့။ သူငယ်ချင်းအနေနဲ့တောင် မင်းငါ့ကို ဂရုမစိုက်တော့ဘူး။ မင်းဆီက ဂရုစိုက်မှုတွေပြန်ရဖို့ ငါမင်းကို မဖြစ်မနေ ပြန်ချစ်မှရမှာလား။ ငါအခုနေ မင်းကိုပြန်ကြိုက်မယ်ဆိုရင်ရော အချိန်မှီသေးရဲ့လား။ မင်းက ငါ့ကို ဆက်မလိုက်တော့ဘူးဆိုတော့ ငါဘာဆက်လုပ်ရမလဲ။ ငါလေ မင်းစိတ်နဲ့ ရူးတော့မယ်။

" ထမင်းပန်းကန်လုံး ရှေ့ချပြီး မစားဘဲ ဘာလုပ်နေတာလဲ။ အလှကြည့်ဖို့လား။ ထမင်းက အလကားရမနေဘူးနော် "

အား...ဒီစကားက ပိုပြီး ခံရခက်လွန်းသည်။ နေ့ချင်းညချင်းကို ဂျောင်ဂုက ခနဲ့သလိုလို ပြောတတ်သွားခဲ့ပြီ။ ရှေ့ဆက်ပြီး ဂျောင်ဂုကို ဘယ်လိုအင်အားမျိုးနဲ့ သူရင်ဆိုင်ရမလဲ။ ဂျောင်ဂုက သူ့ကို မုန်းတောင် မုန်းနေပြီလား..။

" အင်း.. အင်း..ငါစားပါ့မယ် ဂျောင်ဂု။ ဘယ်ဟင်းကို အရင်နှိုက်ရမလဲ မသိလို့ ခဏစဥ်းစားနေတာ "

ရင်ထဲမှာ ငိုချင်စိတ်ပေါက်နေသော်လည်း အတတ်နိုင်ဆုံးဟန်ဆောင်ရင်း ဘာမှမဖြစ်သလို စကားပြန်ပြောမိသည်။ အလောတကြီး စားမိတဲ့ထမင်းတောင် သောကစိတ်ကြောင့် လည်ပင်းမှာ တစ်ဆို့နေသလိုလို။ ရေနဲ့မျောချဖို့ ရေလိုက်ရှာတော့ သူ့ဘေးက ဖန်ခွက်အလွတ်ကြီးက ဒဏ်ရာကို ပြန်ဆွနေသည်။

အရင်ကဆို ဒီဖန်ခွက်လေးထဲမှာ ဂျောင်ဂုက ရေအဆင်သင့်ဖြည့်ထားပေးတတ်ပြီး အဆင်သင့်သောက်လိုက်ရုံ။ ရေကုန်ရင် ထပ်ထည့်သောက်ဖို့ ရေကရားကလည်း အဆင်သင့်။ အခုတော့ သူကိုယ်တိုင် မထည့်ထားလျှင် ရေသောက်ရဖို့ လမ်းမမြင်နိုင်တော့ပေ။

Love Scenario (KookV/Completed) Where stories live. Discover now