EPISODE - 3

2.5K 295 12
                                    


EPISODE - 3 (Unicode)

" မင်းလုပ်ရက်တယ်။ ငါတစ်ယောက်လုံးရှိရက်နဲ့ အခြားတစ်ယောက်ကို မင်းရွေးသွားတယ်။ အေးလေ ဒီကိစ္စမှာ မင်းမမှားပါဘူး။ မှားခဲ့တာက ငါပါ။ ငါကိုက ဖွင့်ပြောဖို့နောက်ကျခဲ့တာကို "

ယောက်ျားသားတစ်ယောက်၏ ကြေကြေကွဲကွဲ အော်ဟစ်မြည်တမ်းသံ။ ငိုသံပါရောစွက်နေသဖြင့် သူ့ရင်တွင်းမှ အတိုင်းမသိနာကျင်မှုကို ရိပ်စားမိနိုင်သည်။ အတော်အတန် တန်ရီအက်ကွဲလှသောလေသံက ကြားရသူကိုပင် စိတ်မကောင်းဖြစ်သွားစေနိုင်၏။

အိမ်သာခန်းထဲမှ ကြေကြေကွဲကွဲ ရေရွတ်သံ၊ တစ်ချက်တစ်ချက် ငိုရှိုက်သံတို့ကြောင့် ဂျောင်ဂု အခြေအနေတွေကို သေချာဆက်စပ်ကြည့်ရန် ကြိုးစားနေသည်။ ဆိုင်ထဲစရောက်ကတည်းက မျက်နှာကိုလူမမြင်အောင်ကွယ်၍ ထယ်ယောင်းတို့ဆီ လှမ်းကြည့်နေသော ထိုသူအား ဂျောင်ဂု မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

အဖြေရသည်ကို အော်ကြီးဟစ်ကျယ်ပြောလာသော ထယ်ယောင်းစကားအဆုံးတွင် ထိုလူက စားပွဲမှထလာပြီး အိမ်သာဘက်ထွက်သွားသဖြင့် ဂျောင်ဂု ခပ်လှမ်းလှမ်းကနေ ကပ်လိုက်လာခဲ့သည်။ အခု အိမ်သာထဲရောက်တော့ ထိုလူ၏ ကြေကြေကွဲကွဲ ငိုရှိုက်သံကိုကြားလိုက်ရပြန်သည်။ အိမ်သာအခန်းချင်းကပ်နေသဖြင့် စကားပြောရင်းရှိုက်ငိုနေသည်ကို အတိုင်းသားကြားနေရသည်။

ဒီလူကရော ဘယ်သူ့ကိုကြိုက်နေလို့ အခုလိုအသည်းကွဲပြီး ငိုနေရတာလဲ။ သူကြိုက်တာ ဟိုကောင်မလေးကိုလား ထယ်ယောင်းကိုလား။ သူလည်း ယောက်ျားလေးဆိုပေမဲ့ ထယ်ယောင်းက ယောက်ျားချင်းပြန်ကြိုက်ရလောက်အောင် ချစ်စရာကောင်းနေတော့ ထယ့်ကို ကြိုက်တာလည်းဖြစ်နိုင်တယ်။ မင်း ဆိုတဲ့ နာမ်စားက ယောက်ျားလေးချင်းရော မိန်းကလေးကိုရော သုံးလို့ရနေတော့ သူကြိုက်နေတာဘယ်သူလဲ ဝေခွဲမရနိုင်ဘူး။

ကျွီ! !

တစ်ဘက်မှ အိမ်သာတံခါးဖွင့်သံကြားလိုက်ရသဖြင့် ဂျောင်ဂု အိမ်သာတံခါးဖွင့်ပြီး ခပ်တည်တည်ထွက်လာခဲ့သည်။ ​ဂျောင်ဂု အိမ်သာအခန်းထဲက ထွက်လာသည်ကိုသိသိချင်း ထိုလူက သူ့ကိုယ်သူမလုံမလဲဖြစ်လျှက် ခြေလှမ်းသွက်သွက်ဖြင့် အိမ်သာထဲကပြန်ထွက်သွားသည်။ ဂျောင်ဂုလည်း ဘေစင်မှာလက်ဆေးဟန်ဆောင်ရင်း ကျန်နေခဲ့သည်။

Love Scenario (KookV/Completed) Where stories live. Discover now