ထယ်ယောင်းစကားကြောင့် Jungkook လေးပင်စွာ သက်ပြင်းချမိသည်။ ထယ်ယောင်းအပေါ် ဘယ်ယောက်ျားကများ မကောင်းကြံခဲ့ဖူးတာလဲ။ ဘယ်လိုအတိတ်ဆိုးမျိုးက ထယ်ယောင်းကို စိတ်ဒဏ်ရာတွေပေးခဲ့သလဲ Jungkook တွေးတွေးပြီး ရင်မောရသည်။ ထိုအတိတ်ဆိုးများသာမရှိခဲ့လျှင် ထယ်ယောင်းနှင့်သူ့ကြား အခုထက်ပို၍ နီးနီးကပ်ကပ်နေနိုင်မည်ထင်သည်။

" မင်းအတိတ်က တော်တော်လေး နာကျင်စရာကောင်းခဲ့မှာပဲနော်။ အတိတ်မှာဖြစ်ခဲ့တာတွေက မင်းကို အခုအချိန်ထိ လိုက်ပြီးဒုက္ခပေးနိုင်နေတယ်ဆိုတော့ တော်တော်လေး ကြီးမားတဲ့ကိစ္စဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါမင်းကို ကတိတစ်ခုတော့ ပေးနိုင်တယ်။ မင်းသဘောမပါဘဲ ငါမင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး။ ဒီကမ္ဘာမှာ မင်းယုံကြည်ရတဲ့ ယုံကြည်နိုင်လောက်တဲ့ ယောက်ျားတစ်ယောက်ရှိသေးတယ်ဆိုတာ ငါ့ရဲ့ကိုယ်ကျင့်တရား စောင့်ထိန်းမှုတွေနဲ့ သက်သေပြသွားပေးမယ် "

Jungkook သူ့စကားဆုံးတော့ ထယ်ယောင်းမျက်နှာကို အကဲခတ်ကြည့်မိသည်။ ဝေခွဲမရနိုင်ဟန်တူသော ထယ်ယောင်းမျက်ဝန်းတို့က မငြိမ်မသက်။ ထယ်ယောင်း မသိစိတ်က Jungkookကို သူယုံကြည်ရမည့် တစ်ယောက်သူဖြစ်စေချင်၏။ ထိုသို့တွေးမိသည်နှင့် တစ်ဆက်တည်းတွင် ထပ်ကြပ်မကွာလိုက်လာသော အတိတ်၏အရိပ်တို့က ထိုအတွေးကို နောက်ပြန်ဆွဲပြန်၏။ မျဉ်းပြိုင်လိုဖြစ်နေသည့် အတွေးနှစ်ခုကြားတွင် ထယ်ယောင်းစိတ်က ထွက်ပေါက်မဲ့ကာ မွန်းကြပ်သလိုခံစားမိလာသည်။

" ငါတို့ အပြင်မှာ နေ့လည်စာသွားစားကြမလား။ အခန်းအတွက် လိုအပ်တာတွေလည်း ဝယ်ရဦးမယ်။ ရေခဲသေတ္တာထဲလည်း အစားအသောက်တွေဝယ်ဖြည့်ရမယ် "

စိတ်ထွက်ပေါက်မဲ့နေသော အခြေအနေမှရုန်းထွက်ရန် ထယ်ယောင်းတစ်ယောက် အဆက်အစပ်မရှိသော ထိုစကားကို ပြောလိုက်မိခြင်း။ Jungkookကတော့ ဘာမှ ထူးထူးခြားခြား သံသယဖြစ်ပုံမရ။ ထယ်ယောင်း အပြင်သွားမည်ပြောလျှင် သူလည်းလိုက်သွားရုံပေ။

" အင်း သွားကြမယ်လေ။ ဒီမှာလည်း ဘာမှစားစရာမရှိဘူးဆိုတော့ "

Love Scenario (KookV/Completed) Where stories live. Discover now