47

5.5K 415 50
                                    

" မမကြီးရေ အစ်ကိုလေးအိမ်ပြန်လာပြီ "

၀မ်းသာအားရဖြင့် သူ့အမေအားသတင်းသွားပေးကြသည့် အခိုင်းအစေမိန်းမပျိုလေးတွေကြောင့် ချန်းကဧည့်ခန်းထဲတွင်သာ မလှုပ်မယှက်မတ်တပ်ရပ်ရင်း အိမ်အပေါ်ထပ်မှပြေးဆင်းလာမည့်သူ့အမေခြေသံတွေကိုနားစွင့်ထောင်နေလိုက်၏။

" သားငယ်! "

အဖျားခပ်ကာတုန်ယင်နေသည့်အသံက လှေကားထပ်မှပျံ့လွင့်လာ၏။ချန်းက မျက်လုံးအကြည့်တွေကိုမ၀ံ့မရဲလှမ်းကြည့်လိုက်တော့ သူ့အမေကသူ့အားနွေးထွေးစွာဖြင့်ပွေ့ဖက်လာသည်။

" ဘယ်တွေပျောက်နေခဲ့တာလဲသားငယ်ရယ် သားပျောက်နေတဲ့တစ်ပတ်အတွင်း မေမေဘယ်လောက်ထိစိတ်ပူနေလဲဆိုတာသိရဲ့လား "

၀မ်းနည်းစွာဖွင့်ဟလာသောစကားသံကြောင့် ချန်းကသူ့အမေပခုံးထက် ခေါင်းမှောက်ကာသက်ပြင်းချလိုက်သည်။ကိုယ်တိုင်က အကြင်နာတရားမဲ့သူမဟုတ်သော်လည်း သူ့အဖေရဲ့လုပ်ရပ်တွေကြောင့် ချန်းအိမ်ပေါ်မှဆင်းသွားခဲ့တာသုံးနှစ်နီးပါးရှိပြီဖြစ်သည်။နောက်ဆုံးအချိန်ထိ သူ့အဖေထံမှ၀န်ခံလာမည့်အချိန်ကိုမျှော်လင့်နေမိသော်လည်း စိတ်ကူးနှင့်လက်တွေ့က ထပ်တူမကျခဲ့ပေ။စိတ်နာသည်ဆိုသောခံစားချက်က နှလုံးသားရဲ့တစ်ထောင့်တစ်နေရာ၌နေရာယူထားသော်လည်း အဖေ့အားမမုန်းရက်။ချန်းမျှော်လင့်ခဲ့သည်က သူ့အဖေနှုတ်မှနစ်နာခဲ့သောကလေးတွေအတွက် တောင်းပန်စကားတစ်ခွန်းသာလျှင်ဖြစ်သည်။သို့ပေမယ့် ဘယ်အရာတွေက ဦးစစ်ချန်းရဲ့လောဘတွေအား ဆွဲငင်ခဲ့သလဲဆိိုတာတော့ ချန်းနားမလည်တော့ပေ။

" သားငယ် "

သူ့လက်နှစ်ဖက်အား နွေးထွေးစွာဆုပ်ကိုင်လာသည့်အမေကြောင့် ချန်းက ခေါင်းကိုအသာညိတ်ကာပြုံးပြလိုက်၏။

" အိမ်ပြန်လာခဲ့မယ်မလားဟင် "

မျှော်လင့်ချက်ကြီးစွာဖြင့် မော့ကြည့်လာသောမျက်၀န်းတွေက ချန်းစိတ်အလုံးစုံကို ပြိုလဲစေနိုင်၏။သားဆိုးသားမိုက်အား ပစ်ရိုးထုံးစံမရှိဟုချန်းကြားဖူးသော်လည်း သူဟာသားမိုက်တစ်ယောက်တော့မဟုတ်ပေ။သို့ပေမယ့် အကြိမ်ကြိမ်ခေါင်းမာကာ ထိုအိမ်သို့ခြေဦးမလှည့်ခဲ့သည့်သူ့ကိုတော့ အမေကအမြဲကြိုဆိုနေဆဲဖြစ်သည်။

Twenty Six RevengeWhere stories live. Discover now