29

6.4K 491 103
                                    

" အောက်ထပ်မှာကိုကိုလေးချန်းမင်းထိုက်ရောက်နေပါတယ် အစ်ကိုလေး "

အခန်းတံခါးရှေ့မှလာရောက်အသိပေးတဲ့အိမ်အကူမိန်းကလေးကြောင့် သူ့ပခုံးပေါ်ခေါင်းမှောက်ကာအိပ်ပျော်နေသောနေနေးကို ပွေ့ချီကာအခန်းပြင်ထွက်ခဲ့၏။ သားကအအိပ်မက်တဲ့အထဲပါသော်လည်း သူ့ပခုံးပေါ်တွင်သာအချိန်ကြာကြာအိပ်ဖူးတာဖြစ်သည်။ သားကိုလည်းအခြားသူစိမ်းလက်ထဲသို့ ခွန်းသန့်ကစိတ်မချတာမို့ သူ့လက်ထဲတွင်သာအနီးကပ်အမြဲစောင့်ကြည့်နေတာဖြစ်၏။ မိခင်ရင်ခွင်ထဲပျော်ရွှင်နေရမည့် သားအဖြစ်ကိုတွေးမိလိုက်တိုင်း ခွန်းသန့်ရင်ထဲတဆစ်ဆစ်နာကျင်ရသည်။

" နေးက ဒီနေ့ကျောင်းမသွားရဘူးလား "

ချန်းက စားပွဲပေါ်မှသတင်းစာကိုယူဖတ်ရင်း ခွန်းသန့်အားလှမ်းမေးလာတာမို့ ခွန်းသန့်ကချန်းအရှေ့မှဆိုဖာပေါ်တွင်ခပ်ငြိမ်ငြိမ်၀င်ထိုင်လိုက်သည်။

" ကျောင်းပိတ်ထားတယ် သောကြာနေ့ကျစုံညီပွဲတော်ရှိတယ်လေ ငါ့သားက သရုပ်ပြပွဲမှာ၀င်ကရမှာ "

" အံမယ် နေနေးကဟုတ်လှချည်လား ငါကောလာကြည့်လို့ရမလား "

ချန်းက အတည်ပေါက်မေးရင်းခွန်းသန့်ရင်ခွင်ထဲအိပ်ပျော်နေသည့် နေနေးကို လက်လွှဲယူကာပွေ့ချီလိုက်၏။ နေနေးကချန်းမင်းထိုက်ကလွဲ၍ အကုန်လုံးလက်ထဲတွင်နေပျော်တာမို့ ထိုကလေးအိပ်ပျော်နေသည့်အချိန်မှသာ ချန်းချီရဲတာဖြစ်သည်။

" လာခဲ့လေ မိသားစုများတော့ငါ့သားလည်းပိုပျော်တာပေါ့ "

မိသားစုဆိုသောစကားကြောင့် ချန်းခေါင်းငုံ့ကာပြုံးလိုက်မိ၏။ ထိုစကားတစ်ခွန်းက သူ့ရင်ထဲနွေးထွေးသွားစေတာဖြစ်သည်။

" မြို့တော်၀န်က ဘယ်လိုလူမျိုးလဲ "

အဆက်အစပ်မရှိစွာမေးလာသည့်မေးခွန်းကြောင့် နေနေးရဲ့ကျောပြင်ပေါ်အသာပုတ်ပေးနေသည့်ချန်းရဲ့လက်တွေမှာ တုံ့ဆိုင်းသွား၏။ မတည်မငြိမ်ဖြစ်လာသည့်ခံစားချက်အား ဖုံးကွယ်ကာခွန်းသန့်ကိုလှမ်းကြည့်လိုက်တော့ ထိုကောင်ကသူ့အားစူးစိုက်ကြည့်လာသည်။

Twenty Six RevengeWhere stories live. Discover now