" ဟိတ်ကောင်လေး ထတော့ "
ခြောက်နာရီအမှီနှိုးပေးပါဟုအထပ်ထပ်မှာထားသည့် ခွန်းသန့်ကြောင့် ရှိုင်းက ခွန်းသန့်ရဲ့ပါးတစ်ဖက်အားအသာအယာပွတ်ကာ လှုပ်နှိုး၏။ မျက်ခုံးတွေမှာအနည်းငယ်လှုပ်ရွသွားသော်လည်း ခွန်းသန့်ကရှိုင်းကိုမျက်လုံးဖွင့်မကြည့်လာပေ။ ဒီကောင်လေး မနက်စောစောတမင်ဂျစ်တိုက်နေတာပင်။
" ထတော့လို့ "
နားအနားကပ်ကာနှိုးနေသော်လည်း မျက်လုံးကိုအတင်းစုံပိတ်ထားကာ ပေကပ်ကပ်လုပ်နေ၏။ သူ့ဆံပင်တွေကို ရှုပ်ပွအောင်ထိုးဖွပစ်လိုက်လည်း ငြိမ်ခံကာအိပ်ချင်ယောင်ဆောင်နေတုန်းပင်။
" အချစ်ကလေးရေ ထပါတော့လား "
" ဟီးဟီး "
ခွန်းသန့်က သဘောကျစွာပြုံးရယ်ရင်း ရှိုင်းရဲ့ခန္ဓာကိုယ်ကိုဆွဲလှဲကာ အတင်းပွေ့ဖက်ထား၏။ ရှိုင်းက သူ့မျက်လုံးရှေ့ဖုံးကွယ်နေသည့်ဆံပင်တွေကို ဆွဲလှန်ပေးတော့ခွန်းသန့်ကခပ်ငြိမ်ငြိမ်လေး နှုတ်ဆိတ်နေသည်။
" ချစ်တယ်~~~မင်းကို "
" ကျွန်တော်လည်းခင်ဗျားကိုချစ်တယ် "
စကားအဆုံး၌နှစ်ယောက်လုံး ကြည်နူးစွာပြုံးလိုက်မိ၏။ အရင်နေ့တွေက ပြတင်းပေါက်နားအမြဲတေးလာဆိုနေသည့်ငှက်ကလေးတွေအသံက စိတ်ရှုပ်စရာကောင်းနေပေမယ့် ဒီနေ့တော့နည်းနည်းလေးမှစိတ်မကွက်မိဘူး။ အချစ်ကလေးနဲ့အတူနိုးထရတဲ့မနက်ခင်းက ပျက်စီးသွားမှာကြောက်တဲ့ဖလင်တစ်ခုထဲကအမှတ်တရလိုပဲ အများကြီးမြတ်နိုးမိပါရဲ့။
" ထတော့လေ သူများအိမ်မှာငှားရမ်းခမပေးပဲ တညအလကားအိပ်သွားသေးတယ် "
" ဘယ်သူကအလကားအိပ်နေလို့လဲ အဖိုးတန်ပစ္စည်းတစ်ခုအပိုင်ပေးထားတယ်လေ "
" ဘာလဲ "
" မောင့်နှလုံးသား "
စကားဆုံးသည်နှင့်ခွန်းသန့်က ရှိုင်းရဲ့နှာခေါင်းအောက်လက်ညှိုးခံကာ အသက်ရှုမရှုစမ်းကြည့်၏။ ထို့နောက် ရှိုင်းရဲ့မျက်နှာအားဆွဲယူကာ ပါးနှစ်ဖက်ကိုအဆက်မပြတ်နမ်းရှုံ့သည်။ရှိုင်းကလက်သီးဆုပ်ကာ ခွန်းသန့်ရင်ခွင်ထဲခေါင်းပုန်း၀င်လိုက်တာမို့ ခွန်းသန့်ကကျောလေးတွန့်သည်အထိ ကြိတ်ရယ်သည်။