" Morning "
တိုက်ခန်းရှေ့ထွက်လိုက်သည်နှင့် အားကစားဖိနပ်အားကြိုးချည်နေသည့်မင်းခန့်က ရှိုင်းအားဖော်ရွေကာနှုတ်ဆက်လာ၏။ ရှိုင်းမနက်စာထွက်၀ယ်သည့်အချိန်တိုင်း ထိုကောင်လေးအားတွေ့နေရတာ သုံးရက်ရှိပြီဖြစ်သည်။
" အစ်ကိုညကအိပ်မပျော်ဘူးလား မျက်ကွင်းညိုနေတယ် "
သူ့မျက်လုံးအောက်အားသေချာကြည့်ကာ အနားကပ်ပြောလာသည့်မင်းခန့်ကြောင့် ရှိုင်းဘေးဘက်သို့ရှောင်ထွက်လိုက်၏။ ရှိုင်းစိတ်ထဲ ထိုကောင်လေးကသူ့အားအတင်းလာရောနေသလို ခံစားနေရတာဖြစ်သည်။
" မင်းကိုဘာလို့ အမြဲတွေ့နေရတာလဲ "
" ကျွန်တော်ကဒီနားမှာပဲနေတာလေ အဲ့တော့ကျွန်တော်နဲ့အမြဲတွေ့တာဆန်းသလား "
" ခွန်းသန့်ရှိန်၀ါရဲ့အနားမှာဘာလို့အမြဲမရှိရတာလဲ မင်းကိုကြည့်လိုက်တိုင်းအပြင်မှာ လမ်းသလားနေတာချည်းပဲ "
" ကျွန်တော်က Bossဆီမှာအချိန်တိုင်းကပ်နေစရာမလိုဘူးလေ နေ့လည်အလုပ်သွားပြီးညပြန်လာရုံပဲ အချိန်တိုင်းကပ်နေရအောင် ကျွန်တော်ကစိုင်မွန်မှမဟုတ်တာ "
တမင်ထိုးနှက်လာသောစကားကြောင့် လည်ပင်းထဲစကားလုံးတွေတစ်ဆို့သွားတဲ့အထိ ရှိုင်းငြိမ်သက်သွား၏။ မင်းခန့်အားရှောင်ကာ လမ်းဆက်လျှောက်လာတော့ ထိုကောင်လေးက သူ့ဘေးမှကပ်လိုက်လာတုန်းဖြစ်သည်။
" အစ်ကိုက မီးခိုးရောင်ကြိုက်တာလား အစ်ကို၀တ်လိုက်တဲ့အင်္ကျီတိုင်း အရောင်ဖျော့ဖျော့လေးတွေချည်းပဲ "
" မင်းခန့် "
" ဗျာ "
" ယောကျ်ားချင်းဆိုတော့တည့်ပဲမေးတာပေါ့ မင်းဘာအကြံအစည်နဲ့ငါ့နားကိုလိုက်ကပ်နေတာလဲ ဒါမှမဟုတ်ခွန်းသန့်ရှိန်၀ါက ငါ့အကြောင်းတွေစုံစမ်းခိုင်းထားတာလား ငါ့ကိုမယုံလို့လေ "
ရှိုင်းကခပ်တည်တည်ဖြင့်မေးလာတော့ မင်းခန့်ကခါးကိုဘယ်ညာကိုင်းကာ လေ့ကျင့်ခန်းလုပ်နေသည့်ပုံစံဖြင့် ရှိုင်းအားစူးစိုက်ကြည့်သည်။ ထို့နောက် ဘေးပတ်၀န်းကျင်အားအကဲခတ်ကာ ရှိုင်းရဲ့အနားကပ်လာ၏။ မျက်လုံးအကြည့်တွေက တည်ငြိမ်သွားပြီးရှိုင်းကိုသာ အာရုံစိုက်ထားသည်။