43

5.1K 424 38
                                    

" ကျေးဇူးတင်ပါတယ်နော်အစ်ကို ကျွန်တော်ကဗီဒီယိုဖိုင်ပြန်မရတော့ဘူးထင်နေတာ "

" အစ်ကိုလည်းအစကမရတော့ဘူးထင်ခဲ့တာ...ဒါပေမယ့်အစ်ကို့သူငယ်ချင်းကအဲ့အပိုင်းနဲ့ပတ်သတ်ပြီးကျွမ်းကျင်တဲ့သူမို့ အဆင်ပြေသွားတယ်ပဲပြောရမှာပေါ့ "

" ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို "

ရှိုင်းက မြို့တော်၀န်ဆီမှပြန်လာပြီးနောက် သူ့စီနီယာအစ်ကိုထံမှမြို့တော်၀န်ရဲ့အသံနှင့်ဗီဒီယိုမှတ်တမ်းပါ၀င်သည့်သက်သေအား အချိန်မှီသွားယူလိုက်တာဖြစ်သည်။ထို့နောက် အပြင်သို့ပြန်ထွက်ခဲ့ကာ နာရီအားတစ်ချက်ငုံ့ကြည့်လိုက်၏။ညရှစ်နာရီကျော်သွားပြီဆိုသော်ငြား မင်းခန့်နှင့်အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ချိန်းဆိုထားတာမို့ ရှိုင်းကသူတို့နှစ်ယောက်ဆုံနေကြဖြစ်သော convenience storeဘက်သို့ထွက်လာခဲ့သည်။ထိုရောက်မှပဲ ရှိုင်းညစာစားဖို့ ကြံစည်ရတော့မှာဖြစ်၏။ယခုချိန်၌ အချစ်ကလေးတစ်ယောက် သူပို့ခိုင်းလိုက်သည့်ထမင်းဘူးအား ကုန်အောင်စားပါစေဟူ၌လည်း ရှိုင်းစိတ်ထဲ၌ဆုတောင်းနေမိတာဖြစ်သည်။

" ဆန်းရှိုင်းစည်သူ "

သူ့အရှေ့မှပိတ်ရပ်ကာ တားဆီးလိုက်တဲ့မြို့တော်၀န်ရဲ့လူယုံတစ်ယောက်ကြောင့် ရှိုင်းကသူယူလာသည့်သက်သေခံစတစ်လေးအား ဘောင်းဘီအိတ်ထဲသို့ထိုးထည့်လိုက်သည်။ထိုလူက မြို့တော်၀န်ရဲ့လူယုံတစ်ယောက်ဖြစ်မှန်း ရှိုင်းအသေအချာမှတ်မိနေတာဖြစ်သည်။

" စကားခဏလောက်ပြောကြမလား "

တစ်ဖက်လူက ရှိုင်းအနားသို့ကပ်ကာပြောလာတာမို့ ရှိုင်းကပတ်၀န်းကျင်အနေအထားကိုအကဲခတ်လိုက်သည်။လူသူရှင်းသည့်အပြင် လမ်းမီးတိုင်အနည်းငယ်သာရှိတာမို့ ရှိုင်းကလက်သီးကိုဆုပ်ကာ ထိုလူအားစိုက်ကြည့်လိုက်၏။

" ငါနဲ့မင်းနဲ့ကြားမှာ ဘာစကားမှပြောစရာမရှိဘူးထင်တယ် "

" စုံထောက်ကြီးက မြို့တော်၀န်ကိုသစ္စာဖောက်ဖို့ကြံစည်နေတာလား "

တစ်ဖက်လူက ဓားချွန်တစ်ခုအားထုတ်ယူကာ ရှိုင်းကိုရန်မူလာတာမို့ ရှိုင်းက ထိုလူရဲ့လက်ကိုဆွဲလိမ်ကာ တွန်းထုတ်လိုက်သည်။သို့ပေမယ့် မြို့တော်၀န်ရဲ့နောက်လိုက်တွေက အထူးလေ့ကျင့်သင်ပေးထားသည့်သူများဖြစ်တာကြောင့် ထိုလူကရှိုင်းကိုပြန်လည်တိုက်ခိုက်လာသည်။ရှိုင်းရဲ့ရင်ဘတ်ကိုဆောင့်ကန်လိုက်သည့် အရှိန်ကြောင့် ရှိုင်းကအသက်ပင်မနည်းလုရှုလိုက်ရ၏။ရင်ကျပ်ရောဂါအခံရှိတာမို့ ရှိုင်းကအနည်းငယ်မောပန်းလာကာ ထိုလူအားလှမ်းကြည့်လိုက်သည်။

Twenty Six RevengeWhere stories live. Discover now