" အမေတို့က ရုတ်တရက်ကြီးမြို့ကိုတက်လာပြီတဲ့ ခဏနေရင်ရောက်မယ်ပြောတယ် "
ရှိုင်းက ဧည့်ခန်းစားပွဲပေါ်မှရှုပ်ပွနေသည့်စာအုပ်တွေအား သေချာပြန်စီရင်း ခွန်းသန့်အားစကားလှည့်ပြော၏။
" ခင်ဗျားအဘွားကောပါတာလား "
" ဟုတ်တယ် အမေကလွန်ခဲ့တဲ့နှစ်ရက်တုန်းက ငါ့နဲ့ပတ်သတ်ပြီးမကောင်းတဲ့အိမ်မက်,မက်လို့တဲ့လေ အဲ့တာနဲ့ငါ့ကိုစိတ်ပူလို့လာကြည့်တာ "
" ရှိုင်းဌေးက အိမ်ရဲ့အချစ်ခံလေးဖြစ်နေတာပဲ "
" လာပါဦး အချစ်ကလေးကိုလည်းပြန်လည်မျှ၀ေပေးချင်လို့ "
ရှိုင်းက သူ့လက်နှစ်ဖက်ကိုဆန့်တန်းရင်းခွန်းသန့်ရှိန်၀ါအား ပွေ့ဖက်ပေးဖို့လှမ်းခေါ်၏။ခွန်းသန့်ကလည်း အလိုက်သိစွာဖြင့်ရှိုင်းထံချဥ်းကပ်လာသည်။
" အမေတို့ရှေ့ကျရင် စကားကိုကောင်းကောင်းမွန်မွန်ပြောဦးနော် အမေကအပြောအဆိုမတတ်ပေမယ့် စိတ်ရင်းကောင်းပါတယ် "
ရှိုင်းက ခွန်းသန့်ရဲ့ပခုံးကိုအသည်းယားစွာဖြင့် ခပ်ဖွဖွကိုက်ရင်းသတိပေးစကားဆိုလိုက်သည်။ သို့ပေမယ့် ခွန်းသန့်က ပေကပ်ကပ်ဖြင့်မကြားချင်ယောင်ဆောင်နေ၏။
" ခင်ဗျားအမေကို ကျုပ်တို့အကြောင်းဖွင့်မပြောသေးဘူးလား "
ခွန်းသန့်က မစောင့်ဆိုင်းနိုင်တော့သည့်ပုံစံဖြင့်ဂျစ်တိုက်လာတာမို့ ရှိုင်းက သက်ပြင်းချကာ ခွန်းသန့်ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။
" ဖွင့်ပြောဖို့ကနည်းနည်းစောအုံးမယ်ထင်တယ် ငါကတော့အရင်ဆုံးမင်းနဲ့ငါ့အမေနဲ့ကိုဒီထက်ပိုပြီးရင်းနှီးမှုရစေချင်တယ် ဒါကလည်းမင်းအပေါ်ကိုငါ့မိသားစုက ပိုပြီးချစ်ပေးနိုင်အောင်လို့ပါ "
" ခင်ဗျားရည်းစားက အဲ့လောက်တော့အထာနပ်ပါတယ် "
" အဲ့ခင်ဗျားတွေ ကျုပ်တွေနဲ့ သိပ်ကိုရင့်ထန်နေတာနော် အလုပ်အားတဲ့နေ့မှအချိုးပြင်ပေးဦးမယ် "
" ဒါဆိုမောင်လို့ခေါ်လေ အချိုးကပြင်စရာမလိုပဲတစ်ခါတည်းအပိုးကျိုးသွားမှာ "